လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲဆောင်ရွက်ရန် ကရင်အမျိုးသားထုကို KNU ဥက္ကဌ တိုက်တွန်း

လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲဆောင်ရွက်ရန် ကရင်အမျိုးသားထုကို KNU ဥက္ကဌ တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းနေသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲ ဆောင်ရွက်သွားရန် ယခုလ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ကရင်အမျိုးသားနေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ကရင်အမျိုးသားထုကို တိုက်တွန်းလိုက်သည်။

လူမျိုးတိုင်းနှင့် ဘာသာတရားတိုင်းအတွက် လွတ်လပ်မှု၊ တန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို အာမခံချက် ပေးနိုင်ပြီး နိုင်ငံသူနိုင်ငံသားအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်စောင့်စားနေကြသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် လူမျိုးတိုင်း၊ အဖွဲ့အစည်းတိုင်းနှင့် လက်တွဲပြီး အကောင်အထည်ဖော်ဆောင်ကြရန် တိုက်တွန်းကြောင်း ၎င်း၏ ကရင်အမျိုး သားနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုထားခြင်းဖြစ်သည်။

အလားတူ ကရင်အမျိုးသားများ၏ သမိုင်း၊ ဂုဏ်အင်္ဂါရပ်များနှင့် အမျိုးသားလက္ခဏာ အစစ်အမှန်များကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကဲ့သို့ပင် ညီညီ ညွတ်ညွတ် ဆက်လက်ဖော်ဆောင်ပြီး မြှင့်တင်ကြရန်နှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အခြားသော ရပိုင်ခွင့် အခွင့်အရေးများအတွက် စည်းလုံးညီညွတ်ကြရန် လည်း ဆက်လက်တိုက်တွန်းပြောဆိုထားသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNU ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီးနောက် ၎င်း၏ ဦးဆောင်မှုဖြင့် ကရင်အမျိုးသားများ၏ လိုလားမှု ရည်မှန်းချက်များကို ဒေသအစုံ ကရင်လူထု ၄ သိန်းကျော်ပါဝင်၍ ဖေဖော်ဝါရီ လ ၁၁ ရက်နေ့တွင် ကရင်ပြည်ချက်ချင်းပေး၊ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ၊ ပြည်တွင်းစစ် အလို မရှိနှင့် လူမျိုးရေး အဓိကရုဏ်းအလိုမရှိဟူ၍ တောင်းဆိုချက် ၄ ရပ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ကြသည်ကို ဆိုလိုခြင်းဖြစ်သည်။

၎င်းအပြင် မိမိလူမျိုးများအကြား အပြန်အလှန် အပြစ်တင် ပြောဆိုမှုများသည် မိမိတို့ အမျိုးသားများ၏ ဘဝမြှင့်တင်ပေးနိုင်မည်မဟုတ်ကြောင်း သတိပေးပြောဆိုထားသလို မိမိအမျိုးသားများ၏ ရည်မှန်းချက်ကို အမှန်တကယ် အကောင်အထည်ဖော်ကြိုးပမ်းခြင်းဖြင့် ကရင်အမျိုးသားများ၏ သမိုင်းအမှန်ကို ရေးသားဖော် ထုတ်ကြရန်လည်း ကေအဲန်ယူ ဥက္ကဌက ဆက်လက်တိုက်တွန်းပြောဆိုထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနေ့ကို ယခင်အာဏာသိမ်းမှုမတိုင်ခင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီ အစိုးရလက်ထက်တွင် ကရင်လူထုရှိရာ မြို့ပေါ်ဒေသနှင့် KNU ထိန်းချုပ်နယ်မြေအသီးသီးတွင် ယခင်နည်းအတိုင်း တောင်းဆိုချက် (၄) ရပ်ကို ကိုင်စွဲ၍ သရုပ်ပြ ဆန္ဒထုတ်ဖော်ပွဲ များပြုလုပ်ခဲ့ကြသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေများအရ သက်ဆိုင်ရာဒေသများတွင် အကျဉ်းရုံး ပုံစံ ဖြင့်သာ လုပ်ဆောင်သွားမည်ဟု သိရသည်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် KNU ဦးဆောင်၍ ကရင်လူမျိုးများရှိရာ မြစ်ဝကျွန်းပေါ်ဒေသ နှင့် တောင်တန်းဒေသပေါ်ရှိ ကရင်လူထု ၄ သိန်းကျော်သည် မိမိတို့ လူမျိုးများ၏ လိုလားချက်ကို တောင်းဆိုသည့် အနေဖြင့် တောင်းဆိုချက် (၄) ရပ်ကိုကိုင်စွဲ၍ အသံသိတ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ နေ့ကို အစွဲပြုပြီး ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိကျင်းပခဲ့သည့် ပထမဆုံးသော ကော်သူးလေ ကွန်ဖရင့်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် အသိအမှတ်ပြု သတ်မှတ် လိုက်ကြပြီး နေ့စဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တိုင်း ကရင်အမျိုးသားနေ့ကို ဂုဏ်ပြု ကျင်းပပြုလုပ်ကြခြင်းဖြစ်သည်။

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...