Western News မှ သတင်းဖော်ပြမှုကြောင့် တရားစွဲဆိုရန် တရားရုံးသို့ဦးတိုက်လျှောက်ထားသည့်ကိစ္စ ပြည်နယ်စစ်ကောင်စီက တိတိကျကျပြောဆိုခြင်းမရှိ

Western News မှ သတင်းဖော်ပြမှုကြောင့် တရားစွဲဆိုရန် တရားရုံးသို့ဦးတိုက်လျှောက်ထားသည့်ကိစ္စ ပြည်နယ်စစ်ကောင်စီက တိတိကျကျပြောဆိုခြင်းမရှိ

ရခိုင်ပြည်နယ်အခြေစိုက် Western News သတင်းဌာနမှ သတင်းဖော်ပြမှုတစ်ခုနှင့်ပတ်သက်ပြီး တရားစွဲဆိုရန်အတွက် တရားရုံးတွင်ဦးတိုက်လျှောက်ထားကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက သတင်းထောက်များကိုပြောသည်။

အဆိုပါသတင်းဌာနမှ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး မည်သည့်ပုဒ်မဖြင့် မည်သည့်ပုဂ္ဂိုလ်ကို တရားစွဲဆိုရန် လျှောက်ထားသည်ကို သတင်းထောက်များကမေးမြန်းခဲ့သော်လည်း ဦးလှသိန်းက တိတိကျကျ ပြန်လည်ဖြေကြားပေးခြင်း မရှိခဲ့ပေ။

“တရားစွဲဆိုမှု တစ်ခုရှိတယ်။ မီဒီယာနဲ့ပတ်သက်ပြီး ဦးတိုက်လျှောက်ထားစွဲဆိုထားတာ။ Western News က သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီးပေါ့။ ဘယ်လိုလုပ်ထားတယ်။ ဘယ်လိုတိုင်ထားတယ်ဆိုတာတော့ မသိဘူး။  ယေဘုယျအားဖြင့်တော့ တပ်မတော်ပေါ်မှာ လူတွေအထင်အမြင်တွေလွဲသွားအောင်၊ ယုံကြည်မှုလျော့အောင် ပလက်ဝဖက်ကသတင်းတစ်ပုဒ်ကို Western News ကတင်တာ။ အခုကျနော်တို့ဌာနမှာ တရားစွဲဆိုထားတာ တစ်ခုတော့ရှိတယ်။ သတင်းဌာနကိုစွဲတာလား။ အင်တာဗျူးဖြေတဲ့သူကို စွဲတာလားဆိုတာမသိဘူး”ဟု ဦးလှသိန်းက ပြောသည်။

ယင်းသို့ တရားစွဲဆိုမည့်ကိစ္စနှင့်ပတ်သက်ပြီး တိတိကျကျမသိရှိရသေးကြောင်း Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက DMG သို့ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မြန်မာစစ်တပ် တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရသည်ဆိုသည့် သတင်းကို Western News သတင်းဌာနမှာ ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ပလက်ဝမြို့မှ အင်တာဗျူးဖြေဆိုခဲ့သူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးခဲ့ပြီး တစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကျန်တစ်ဦးဖြစ်သည့် ဦးတင်ထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် ပလက်ဝမြို့မရဲစခန်းတွင် ဒီဇင်ဘာ ၃၀ ရက်နေ့က အမှုဖွင့်အရေးယူခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

“၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ပြောပါတယ်။ ရမန် ၂ ပတ်ယူထားတဲ့အတွက် လာမယ့်ဇန်နဝါရီလ ၁၂ ရက်ေ န့မှ သူနဲ့တွေ့ရမှာပါ။ သူ့ကို ရဲစခန်းကနေ ခလရ(၂၈၉)ကို အဲဒီနေ့ညနေပိုင်းမှာပဲခေါ်သွားတယ်။ လောလောဆယ်တော့ သူနဲ့တွေ့ခွင့်မရသေးဘူး”ဟု ဖမ်းဆီးခံထားရသူ၏အစ်ကိုဖြစ်သူ ဦးမင်းအောင်ကပြောသည်။

Western News သတင်းဌာနမှာ သတင်းဖော်ပြမှုတစ်ခုကြောင့် စစ်ကောင်စီက တရားစွဲဆိုထားသည့်ကိစ္စမှာ သတင်းမီဒီယာကောင်စီ၏ ခွင့်ပြုချက်တစုံတရာရယူခြင်းမရှိပဲ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ယခင်သတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က ရှုမြင်သည်။

“ဒီကိစ္စက အမှန်တကယ်ဆိုရင် သတင်းမီဒီယာကောင်စီကနေ ပထမဆုံးအနေနဲ့ နှစ်ဖက်ပြေလည်မှုရအောင် ဝင်ညှိနှိုင်းဖြေရှင်းပေးရမယ်။ ဖြေရှင်းလို့မရဘူးဆိုမှ တရားစွဲဆိုတဲ့အဆင့်ထိရောက်မယ်။ ဒါပေမဲ့ အခုအသစ်ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီက စစ်ကောင်စီရဲ့အလိုကျ လိုက်နာလုပ်ဆောင်ပေးနေတဲ့ ပုံစံဖြစ်နေတယ်။ တရားရုံးကို ဦးတိုက်လျှောက်တဲ့အမှုဆိုတော့ ၆၆(ဃ)လည်းဖြစ်နိုင်သလို တခြားပုဒ်မတွေလည်း ဖြစ်နိုင်တယ်။ တရားရုံးကိုဦးတိုက်လျှောက်ထား တရားစွဲဆိုတာဆိုတော့ စာရေးသူနဲ့ အယ်ဒီတာချုပ် ဒါမှမဟုတ် တာဝန်ခံအယ်ဒီတာဟာ ဒီတရားစွဲဆိုမှုထဲမှာပါလာနိုင်တယ်လို့ ယူဆသုံးသတ်မိတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။

Western News သတင်းဌာနမှာ သတင်းဖော်ပြမှုကို တရားစွဲဆိုရန် တရားရုံးသို့ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကြီးမားသည့်ပုဒ်မများဖြင့် သတင်းမီဒီယာများကိုတရားစွဲဆိုခြင်းမှာ ကောင်းမွန်သည့် လက္ခဏာမဟုတ်ကြောင်း DMG သတင်းဌာနမှ ပြောရေးဆိုခွင်ရှိသူက ပြောသည်။

တရားစွဲဆိုရန်ပြင်ဆင်နေသည့် သတင်းများထွက်ပေါ်ပြီးနောက်ပိုင်း Western News သတင်းဌာနမှ ထုတ်လွှင့်မည့် “ပေးစာကဏ္ဍ”အစီအစဉ်ကို လုံခြုံရေးအခြေအနေအရ နောက်ဆုတ်လိုက်ကြောင်း ၎င်းသတင်းဌာန၏ လူမှုကွန်ယက်စာမျက်နှာမှ ယနေ့(ဇန်နဝါရီလ ၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့က ရပ်ကွက်တချို့တွင် ရဲကား၊ စစ်ကားများဖြင့် လှည့်လည်ကာ Western News ရုံးခန်းတည်နေရာကို လိုက်လံရှာဖွေခဲ့ကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...