Myanmar Silver Spring စက်ရုံ လုပ်ခလစာ တိုးမြှင့်ပေးမှု မကျေနပ်သော်လည်း သဘောတူလိုက်ရ

Myanmar Silver Spring စက်ရုံ လုပ်ခလစာ တိုးမြှင့်ပေးမှု မကျေနပ်သော်လည်း သဘောတူလိုက်ရ
(ဓာတ်ပုံ – CJ)
(ဓာတ်ပုံ – CJ)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring စက်ရုံမှ အလုပ် သမားများ လုပ်အားခ တိုးမြှင့်ပေးရေး ညှိနှိုင်းမှုနှင့် ပတ်သက်၍ စက်ရုံဘက်က တိုးမြှင့်ပေးသည့် ပမာဏအပေါ် မကျေနပ်သော်လည်း သဘောတူညီလိုက်ရကြောင်း တောင်းဆိုမှုတွင် ပါဝင်သည့် အလုပ်သမား အချို့က ဩဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် ပြောသည်။

အဆိုပါ စက်ရုံမှ အလုပ်သမား ၇၀၀ ကျော်သည် ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ဒေးကြေးကို ယခင် ၇,၈၀၀ ကျပ် မှ ၁၃,၀၀၀ ကျပ်၊ အအချိန်ပို (OT) ကြေးကို ယခင် ၁,၉၅၉ ကျပ်မှ ၂,၅၀၀ ကျပ်နှင့် ရက်မှန်ကြေးကို ယခင် ၂၀,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုတောင်းဆိုမှုအပေါ် နှစ်ဖက်ညှိနှိုင်းမှုများ သုံးရက်ကြာ ပြုလုပ်ခဲ့ကြပြီး ဩဂုတ်လ ၂၀ ရက် ညှိနှိုင်းမှုတွင် ဒေးကြေး ၁၁,၁၅၀ ကျပ်၊ အချိန်ပို (OT) ကြေး ၂,၂၀၀ ကျပ်နှင့် ရက်မှန်ကြေး ၃၀,၀၀၀ ကျပ် သတ်မှတ်ချက် အတိုင်း လက်ခံလိုက်ရခြင်းဖြစ်ကြောင်း တောင်းဆိုမှုတွင် ပါဝင်သည့် အလုပ်သမားတစ်ဦးက ဆိုသည်။

၎င်းက “သဘောမတူတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ အခြေအနေက လူကကွဲထွက်သွားတော့ အကုန်သဘော တူလိုက်ရတာပဲလေ။ (ဒီနေ့တော့ အလုပ်) ဆင်းကြတယ်လို့တော့ပြောတယ်ရှင့်။ တကယ်ဆို ညီမတို့ဘက်က ရတာ မရှိဘူး။ ပေးထားတဲ့ထဲက ပြန်နှုတ်ပြီး အခုပေးတဲ့ဆီကို ပြန်ပေါင်းထည့်ပေးတာ၊ ဆိုတော့ ဆန္ဒထုတ် ဖော်ခဲ့တဲ့အချိန် ခြောက်ရက်၊ ခုနစ်ရက်က အလကားပဲ။ တကယ်ဆိုရင်တော့ ကျေနပ်မှုတော့ မရှိဘူးပေါ့။ ဒါပေမဲ့ လည်း မကျေနပ်တော့လည်း ဘာမှလုပ်လို့မရဘူးလေ” ဟု ပြောသည်။

စက်ရုံဘက်က ယခင်ပေးအပ်သည့် ထောက်ပံ့ကြေး ကျပ် ၇၀,၀၀၀ ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဒေးကြေး အတွင်းသို့ ပြန်လည်ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သဖြင့် စက်ရုံဘက်က သီးသန့် တိုးမြှင့်ပေးသည့် ဒေးကြေးမှာ ၁,၀၅၀ ကျပ်သာ ရှိကြောင်း သိရသည်။

“ရုံးခန်းထဲကိုတောင် ဘယ်သူတွေဝင်လဲ ညီမတို့သေချာမသိရဘူး။ စူပါတွေလောက်ပဲ ဝင်သွားတာ။ (စုပေါင်း သဘောတူညီချက်) စာချုပ်မှာ ညီမတို့လည်း လက်မှတ်မထိုးရဘူး။ စာချုပ်က စာတောင် သူများတင်ထားတာ တွေ့လို့ ဖတ်ကြည့်ရတာ။ သဘောမေးမြန်းတာက Grade ကြေးကိစ္စထွက်ပြောပြီး သူတို့ပြန်ဝင်သွားတယ်။ ပြန်ထွက်လာတော့ စာချုပ်က ချုပ်ပြီးနေပြီ” ဟု အထက်ပါ အလုပ်သမားက ဆက်ပြောသည်။

အခြားအလုပ်သမားတစ်ဦးကမူ ယခုတိုးမြှင့်ပေးသည့် ပမာဏအပေါ် မကျေနပ်သည့်အတွက် အလုပ်မှ နှုတ်ထွက်မည်ဟု ပြောသည်။

စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသဖြင့် လတ်တလောတွင် ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံအချို့မှ အလုပ်သမားများသည် လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုမှုများ ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိကြသည်။

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...