ကျိုက်ထိုတွင် စစ်အုပ်စုတပ်က စစ်ဆေးရေးဂိတ်များ တိုးမြှင့်ဆောက်လုပ်

ကျိုက်ထိုတွင် စစ်အုပ်စုတပ်က စစ်ဆေးရေးဂိတ်များ တိုးမြှင့်ဆောက်လုပ်
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT

မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က စစ်ဆေးရေးဂိတ်များ တိုးမြှင့်ဆောက်လုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မဇ္ဈိမသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကွာလီနှင့် သစ်ဆိပ်ပင်အကြား (အင်္ဂဘိုကျေးရွာအနီး)၊ ပျဉ်းမစခန်းနှင့် သရက်ကုန်းရွာအကြား ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်တို့၌ စစ်ဆေးရေးဂိတ် များအတွက် အခိုင်အမာ ဆောက်လုပ်နေခြင်း ဖြစ်သည်။

“အဓိကကတော့ အပေါ်ဘက် (KNU တပ်မဟာ (၁) နယ်မြေ) တွေတက်လို့ရတဲ့ လမ်းကြောင်းတွေကို ဖြတ် တောက်ချင်တဲ့ သဘောပေါ့။ အခုလည်း ဖြတ်နေတာပဲဆိုပေမယ့် မရရအောင် ဖြတ်လေးဖြတ် လုပ်မယ့် သဘောလို့ပဲ မြင်ပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်၌ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ် အစပ်ရှိ သံတံတားစစ်ဆေးရေးဂိတ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်၊ မုပ္ပလင်ဂိတ်၊ စစ်တောင်းဂိတ်တို့ ရှိသည်။

ထိုဂိတ်များသည် ခရီးသွားများကိုသာမက နယ်ခံများကိုပါ စစ်ဆေးမှုများ တင်းကျပ်လေ့ရှိပြီး ပါလာသည့် ပစ္စည်းများကိုလည်း မကြာခဏ သိမ်းယူလေ့ရှိသည့် ဂိတ်များဖြစ်သည်။

ထို့ပြင် ယခု မြဝတီဘက်မှတဆင့် တင်သွင်းသည့် ထိုင်းထုတ်ကုန်ပစ္စည်းများကို တရားမဝင် သွင်းကုန်များအဖြစ် သတ်မှတ်ပြီး စစ်ဆေးမှုများ တင်းကျပ်ထားသည့် စစ်အုပ်စုတပ်က ထိုထိုင်းထုတ်ကုန်ပစ္စည်းများကိုပါ စစ်ဆေး ရန် လုံခြုံရေး တိုးမြှင့်ခြင်းဖြစ်ကြောင်း ယူဆမှုများလည်း ရှိနေသည်။

“နှစ်မျိုးလုံး ဖြစ်နိုင်တာပေါ့။ ထိုင်းကုန်တွေလည်းဖမ်းမယ်။ ဒီဘက်က ထောက်ပို့လမ်းကြောင်းတွေလည်း ဖြတ်မယ့်သဘောပေါ့ကွာ၊ အဓိက စားပေါက်ရှာတာလည်း ပါတာပေါ့” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ဆေးရေးဂိတ်များဟု ဆိုရာ၌ အဓိကအားဖြင့် အုတ်၊ သဲများဖြင့် ဘန်ကာဆောက်လုပ်ခြင်းကို လက်ရှိတွင် ပြုလုပ်နေကြပြီး လူနေမည်ဟု ယူဆရသည့် အဆောက်အအုံများကိုလည်း လမ်းမကြီးနှင့် မလှမ်းမကမ်း၌ ဆောက်လုပ်နေသည်။

ကျိုက်ထိုသည် မွန်ပြည်မှတဆင့် ရန်ကုန်၊ မန္တလေးတို့အထိ သွားလာနိုင်သည့် တခုတည်းသော လမ်းကြောင်း ပေါ်ရှိ မြို့ဖြစ်ပြီး စစ်အုပ်စုတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက် စစ်ရေးတင်းမာမှုများအပြင် ကာလရှည်ကြာ လုံခြုံရေး တင်းကျပ်ခံထားရသည့် ဒေသလည်း ဖြစ်သည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...