တယ်လီနောက Wave Money ရှယ်ယာများကို Yoma Strategic Holdings ထံ ရောင်းချမည်

တယ်လီနောက Wave Money ရှယ်ယာများကို Yoma Strategic Holdings ထံ ရောင်းချမည်

နော်ဝေ တယ်လီကွန်မြူနစ်ကေးရှင်း အော်ပရေတာ တယ်လီနောသည် Wave Money ရှိ ယင်း၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Wave ရှိ အဓိကပါတနာဖြစ်သည့် စင်ကာပူစတော့အိတ်စ်ချိန်းစာရင်းဝင် Yoma Strategic Holdings ဦးဆောင်သော ကုမ္ပဏီ လုပ်ငန်းစုတစ်စုထံ ရောင်းချရန် သဘောတူထားကြောင်း Nikkei Asia က ဖော်ပြသည်။

အဆိုပါ ရှယ်ယာရောင်းချမှုက ငွေသားတန်ဖိုးအားဖြင့် ဒေါ်လာ ၅၃ သန်း ဖြစ်သည့်အတွက် Wave Money တန်ဖိုးကို ဒေါ်လာ ၁၀၄ သန်း ဖြစ်စေကြောင်းနှင့် ယင်းရှယ်ယာရောင်းချမှုကို လာမည့်ရက်များအတွင်း အပြီးသတ်လိမ့်မည်ဖြစ်ကြောင်း သဘောတူညီမှုနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။

ယင်းသည် စားသုံးသူ နှင့် ရင်းနှီးမြှုပ်နှံသူ ယုံကြည်မှုပိုင်း ထိုးဆင်းကျမှုကို မြင်တွေ့ထားစေခဲ့သည့် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် အကြီးဆုံးသော ဘဏ္ဍာရေးနည်းပညာကဏ္ဍ အရောင်းအဝယ် သဘောတူညီချက်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

ထို ရှယ်ယာရောင်းချမှုကြောင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ (ခေါ်) Serge Pun ဦးဆောင်သော Yoma Group အတွက် Wave Money တွင် ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်သွားစေမည် ဖြစ်သည်။

အဆိုပါ Group သည် လက်ရှိအချိန်တွင် Wave Money တွင် ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ယင်းတွင် YSH က ၄၄ ရာခိုင်နှုန်း၊ ယင်း၏ မြန်မာလုပ်ငန်းခွဲ Yoma Bank က ၅ ရာခိုင်နှုန်းတို့ကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ကျန် ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma ဦးဆောင်သော ကုမ္ပဏီလုပ်ငန်းစုရှိ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများက ထိန်းချုပ်ထားမည်ဖြစ်သည်။ ယင်းတို့ထဲတွင် ထိုင်ဝမ် ဘဏ္ဍာရေးလုပ်ငန်းစုနှင့် လွတ်လပ်သော မြန်မာအင်တာနက်ဝန်ဆောင်မှု ထောက်ပံ့မှုလုပ်ငန်းတစ်ခုတို့လည်း ပါဝင်သည်။

Yoma Strategic သည် Wave Money ရှိ တယ်လီနော၏ အစုရှယ်ယာများကို လွှဲပြောင်းယူရန် ၂၀၂၀ နှစ်လယ်ပိုင်းက ကနဦး သဘောတူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သဘောတူညီချက်နှင့်ပတ်သက်ပြီး သောကြာနေ့က ဆက်သွယ်မေးမြန်းချိန်တွင် တယ်လီနော ဂရု(ပ်) က ဖြေကြားရန် ငြင်းဆန်ခဲ့ပြီး ယင်းအနေဖြင့် ဈေးကွက် မှန်းဆချက် သို့မဟုတ် ကောလာဟလများနှင့်ပတ်သက်ပြီး မဆွေးနွေးဟု ပြောခဲ့သည်။

တယ်လီနောက မြန်မာနိုင်ငံရှိ ယင်း၏ အဓိက တယ်လီကွန်းလုပ်ငန်း တယ်လီနောမြန်မာအတွက် ခေါ်ဈေးအဖြစ် ကန်ဒေါ်လာ ၁၀၅ သန်းဖြင့်သာ သတ်မှတ်ခဲ့မှုနှင့် နှိုင်းယှဉ်ပါက Wave Money ကို ဒေါ်လာ ၁၀၄ သန်းဖြင့် တန်ဖိုးဖြတ်မှုက "အတော်ပင် မြင့်မား" နေသည်ဟု သဘောတူညီချက်နှင့် အကျွမ်းတဝင် ရှိသည့် တယ်လီကွန်းအမှုဆောင်များက ပြောခဲ့သည်။ တယ်လီနောမြန်မာကို ယင်း၏ မိခင်ကုမ္ပဏီက မေလက အရှုံးစာရင်းပြခဲ့ချိန်က ယင်း၏ တန်ဖိုးသည် ဒေါ်လာ သန်း ၇၈၀ ကျော် ရှိနေခဲ့သည်။ သို့သော် Wave သည် အခြေခံအားဖြင့် "ကောင်းမွန်သည့် သဘောတူညီချက်" တစ်ခု ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးမှုများကို သိရှိခဲ့သည့် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောခဲ့သည်။

Wave Money သည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော မိုဘိုင်း ငွေပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများအနက် တစ်ခု ဖြစ်သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...