ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု ၇၅ ရာခိုင်နှုန်းအထိ လျှော့နည်းလာဟုဆို

ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှု ၇၅ ရာခိုင်နှုန်းအထိ လျှော့နည်းလာဟုဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ ဝန်ဖိုက်ဒီရေတောအား ပြည်သူများဝိုင်းဝန်းထိန်းသိမ်းမှုကြောင့် သစ်ခုတ်မှုနှင့် သစ်ခိုးထုတ်မှုများ ၇၅ ရာခိုင်နှုန်းအထိလျှော့နည်းလာကြောင်း ဒေသခံများနှင့်ဖွဲ့စည်းထားသည့် ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါဒီရေတောမှ သစ်ခုတ်ယူခြင်းကြောင့် အပင်များပျက်စီးလာသဖြင့် ဒီရေတောအနီးရှိ ကျေးရွာ ၁၄ ရွာမှဒေသခံများစုပေါင်းကာ စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ သစ်ခိုးထုတ်သူများကိုဖမ်းဆီးပြီး အသိပညာပေးလျက်ရှိသည်။

စက်တင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ ထင်းခုတ်စက်လှေအစီးရေ ၅၀ ကျော်ကိုဖမ်းဆီးရမိခဲ့ပြီး ယခုလအတွင်း သစ်ခိုးထုတ်မှုနည်းပါးလာနေကြောင်း ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ နာယကဆရာတော် အရှင်မဟိန္ဒက မိန့်သည်။

"သူတို့ကို နောက်တစ်ခါမလုပ်ဖို့ ခံဝန်ကတိတွေထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်။ အခုတော့ ၇၅ ရာခိုင်နှုန်းအထိ လျှော့နည်းလာနေပြီ"ဟု ဆရာတော်က မိန့်သည်။

ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရေရှည်ထိန်းသိမ်းရန် သွားလာရေးကုန်ကျစရိတ်အတွက် အလှူရှင်များလိုအပ်နေကြောင်း ဆရာတော်ကမိန့်ကြားသည်။

ဝန်ဖိုက်ဒီရေတောတွင် သစ်ခိုးထုတ်မှုရှိမရှိကို စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့ပူးပေါင်းကာ နိုဝင်ဘာ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ကင်းလှည့်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီရေတောထိန်းသိမ်းရေးအတွက် ပြည်သူနှင့်ပူးပေါင်းရန်လိုကြောင်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ အလုပ်အမှုဆောင် ကိုချစ်လွင်က အကြံပြုသည်။

"အစိုးရက လာပူးပေါင်းတာတော့မရှိသေးဘူး။ တစ်ကယ် ဒီရေတောကိုထိန်းသိမ်းမယ်ဆိုရင် ပြည်သူနဲ့ပူးပေါင်းဖို့လိုအပ်တယ်။ ဒါမှဒီရေတောအတွက်ထိန်းသိမ်းမှု ထိရောက်မှာဖြစ်တယ်။ ဝန်ထမ်းလေးငါးယောက်လောက်ချပေးထားတာနဲ့ကတော့ ထိရောက်မှာမဟုတ်ဘူး"ဟု ၎င်းကပြောသည်။

ဝန်ဖိုက်ဒီရေတောသည် ဧက တစ်သိန်းခွဲ (၁၅၀,၀၀၀) ကျော်ခန့်ရှိပြီး ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိကာ ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာနေရာတစ်ခုလည်း ဖြစ်သည်။

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...