ကြို့ပင်ကောက်တွင် တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် ပြည်သူ ၈ ဦး ဒဏ်ရာရ

ကြို့ပင်ကောက်တွင် တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲသဖြင့် ပြည်သူ ၈ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ အင်တိုင်းကုန်းကျေးရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ရှစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် သုံးလုံး လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် အင်တိုင်းကုန်းကျေးရွာသို့ စစ်တပ်က Y-12 လေယာဉ်ကို အသုံးပြုကာ ပေါင် ၂၅၀ ဗုံး နှစ်လုံး ဝင်ရောက်ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဘေးရှောင် များကို ကူညီနေသူတစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

“ဘာမှအကြောင်းမရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ Y-12 နဲ့ ပေါင် ၂၅၀ နှစ်လုံး ချသွားတာ။ အရမ်းစိုးရိမ်ရတာ လေးယောက်၊ နည်းနည်းစိုးရိမ်ရတာ နှစ်ယောက်၊ အပေါ့စားဒဏ်ရာရတာ နှစ်ယောက်လောက်ရှိတယ်။ စုစုပေါင်း ရှစ်ယောက်၊ ကိုးယောက်လောက် ဒဏ်ရာရသွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၇၀ အရွယ် ဦးမဲကြီးတွင် ကျောနှင့် ပေါင်၊ အသက် ၄၄ အရွယ် ဦးသန်းဇော်တွင် လက်မောင်း၊ အသက် ၄၇ အရွယ် ဒေါ်ဌေးဌေးဦးတွင် ကျောဘက်တို့၌ အသီးသီး ထိခိုက်ဒဏ် ရာများ ရရှိခဲ့ကြသည်။

ထို့ပြင် အသက် ၁၂ အရွယ် မချစ်မှာ ကျောဘက်နှင့် ရင်ဘတ်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

အလားတူ အသက် ၃၅ နှစ်အရွယ် မယုယုမော်တွင် မျက်နှာနှင့် ခါးတို့၌ မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ပြီး ၎င်း၏ တစ်နှစ်အရွယ်သားဖြစ်သူ မောင်ဟိန်းထက်ပိုင်မှာလည်း မျက်ခုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရရှိထားသည့် စာရင်းများအရ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ် သုံးလုံးလည်း ပြိုကျပျက်စီးခဲ့ရသည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် အချိန်တွင် အင်တိုင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိသကဲ့သို့ ကျေးရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲနေထိုင်ခြင်းလည်း မရှိကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူက ဆက် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကတည်းက စတင်ကာ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းမှ အင်အား ၃၀၀ ခန့်ပါဝင်သော စစ်တပ်စစ်ကြောင်းသည် ဒေသတွင်းကျေးရွာများအတွင်းသို့ ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ခတ်ဖမ်းဆီးမှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများ ကျူးလွန်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ဝင်ရောက်စစ်ကြောင်းထိုးမှုများနှင့် ပစ်ခတ်မှုများကြောင့် ဇူလိုင်လ ၈ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့ အတွင်း ကျခတ္တန်း ကြီး၊ မြို့ကိုင်း၊ ကံဦး၊ ရုံးချောင်းနှင့် အနီးဝန်းကျင်ကျေးရွာများ၌ အရပ်သား အနည်းဆုံး လေး ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများနှင့် ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်ဟု ကူညီဆောင်ရွက် ပေးနေသူများက ဆိုသည်။

August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...
ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...