မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ သွားလာ ရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့် ဒေသန္တရအမိန့်များကို ပယ်ဖျက်ပေးရန် စစ်အုပ်စု လက်အောက် ခံ အသွင်ပြောင်း မွန်ပြည်အစိုးရထံ ဒေသခံပြည်သူများက တောင်းဆိုလိုက်ကြသည်။
စစ်အုပ်စုသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် မွန်ပြည်အတွင်းရှိ မြို့နယ်အားလုံးတွင် စစ်တပ် အာဏာသိမ်းချိန် ကတည်းက ပုဒ်မ ၁၄၄ ခေါ် ဒေသန္တရအမိန့်ကို ထုတ်ပြန်ထားခဲ့ပြီး၊ ယခုအချိန်ထိ အဆိုပါအမိန့်များကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။
လုံခြုံရေးအကြောင်းပြချက်ဖြင့် ထုတ်ပြန်ထားသော ညမထွက်ရအမိန့်များကို ရုပ်သိမ်းပေးစေလိုကြောင်း၊ အဆိုပါအမိန့်များ ရုပ်သိမ်းမှသာ ပြည်သူများ အဆင်ပြေလာမည်ဖြစ်ကြောင်း ဒေသခံပြည်သူများက သံလွင်တိုင်းမ်သို့ ပြောသည်။
ရေးမြို့နယ်ဒေသခံတစ်ဦးက “အဓိကကတော့ ကျနော်တို့ ဒီနယ်မြို့တွေမှာ ရှိနေတဲ့ ညမထွက်ရအမိန့်ကို ရုပ် သိမ်း စေချင်တာပေါ့ဗျာ။ အဓိက ညပိုင်း ရောင်းဝယ်ဖောက်ကားဖို့ အခြေခံလူတန်းစားတွေအတွက် လက်ဖက် ရည်ဆိုင်တို့၊ အကြော်ဆိုင်တို့၊ ပဲပလာတာဆိုင်တို့ အမျိုးမျိုးပေါ့ဗျာ။ အဲဒီဆိုင်လေးတွေ ဖွင့်ပြီးတော့ နည်းနည်း ပါးပါး အားလုံးကလည်း တစ်ပိုင်တစ်နိုင် ဝင်ငွေတွေ ပြန်ရလာလို့ ရှိရင် နည်းနည်း အဆင်ပြေလာနိုင်တာပေါ့” ဟု ပြောသည်။
စစ်အုပ်စုသည် လုံခြုံရေး အကြောင်းပြချက်ဖြင့် မြို့နယ်တိုင်းတွင် အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူမစီးရ၊ ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်အပြင် လူစုလူဝေးမပြုလုပ်ရန် ပုဒ်မ ၁၄၄ ဟုခေါ်သည့် ဒေသန္တရ အမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တစ်ဖက်တွင်မူ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသန္တရအမိန့် ဖောက်ဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် ဒေသခံ ပြည်သူများကို အကြောင်းပြချက် အမျိုးမျိုးပြကာ ဖမ်းဆီးပြီးနောက် ငွေကြေးအဆမတန် တောင်းခံမှု များကိုပါ လုပ်ဆောင်နေကြသည်။
ညမထွက်ရအမိန့်ကို အကြောင်းပြကာ စစ်တပ်နှင့်ရဲတပ်ဖွဲ့က မရှိဆင်းရဲသား ဈေးသည်များအထိ ဖမ်းဆီးမှုများ လုပ်ဆောင်နေသည့်အပေါ် သက်ဆိုင်ရာလွှတ်တော်များတွင် ဆွေးနွေးပေးစေလိုကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။
“အဓိကကတော့ ကျနော်တို့မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း မေတ္တာရပ်ခံတယ်။ အခုဆိုရင် ကျနော်တို့ ည ၁၀ နာရီဆိုရင် မထွက်ရဲတော့ဘူး။ မာရှယ်လောဆိုပြီးတော့ အချိန်မတော် ထွက်တယ်ဆိုပြီးတော့ ဖမ်းတာဆီးတာ၊ မနက် ၂ နာရီ - ၃ နာရီ ဈေးသည်တွေ၊ မရှိဆင်းရဲသားဈေးသည်တွေ ထွက်လို့ရှိရင် ဖမ်းတာ ဆီးတာ၊ ကျနော်တို့ဘက်မှာ တော်တော်ဆိုးနေတယ်” ဟု ပြောသည်။
အဆိုပါ ဒေသန္တရအမိန့်များကြောင့် ဒေသတွင်းရှိ ပြည်သူများအနေဖြင့် သွားလာလှုပ်ရှားမှုများအပြင် နေ့စဉ် မိသားစုဝမ်းရေးအတွက် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေကြရပြီး၊ ဖမ်းဆီးခံရပါက မိသားစုစီးပွားရေးပါ ပျက်စီးရသည့် အခြေအနေအထိ ကြုံတွေ့နေကြရသည်။
ထို့ပြင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသန္တရအမိန့် ဖောက်ဖျက်မှု အကြောင်းပြချက်ဖြင့် ဒေသခံလူငယ်များ ကိုပါ ဖမ်းဆီးကာ စစ်မှုထမ်းရန်အတွက် တပ်သားစုဆောင်းမှုများကိုပါ လုပ်ဆောင်နေကြသည်။
ထို့ကြောင့် ပြည်သူများ၏ မိသားစုဘဝများ အဆင်ပြေချောမွေ့စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် ထုတ်ပြန် ထားသော ဒေသန္တရအမိန့်များကို အမြန်ဆုံး ရုပ်သိမ်းပေးကြရန် ဒေသခံပြည်သူများက အထူးလိုလား တောင်းဆို နေကြလျက် ရှိသည်။
ဓာတ်ပုံ - CJ







