တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းရှိ ကျောက်ကဒင်ကျေးရွာ အတွင်းသို့ စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရွာသား ၅ ဦး ပြန်လည် လွတ် မြောက်လာပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများအတွင်းသို့ ဇူလိုင်လကုန်ပိုင်းမှစတင်ကာ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်းတစ်ကြောင်းက တစ်ရွာဝင်တစ်ရွာထွက် လှုပ်ရှားသွားလာ လျက်ရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က ကျောက်ကဒင်ကျေးရွာအတွင်းသို့ အဆိုပါစစ်ကြောင်း ဝင်ရောက် စစ်ကြောင်းထိုးစဉ် ဒေသခံရွာသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူ ဦးအောင်ပန်းက ပြောဆိုသည်။
“ကျောက်ကဒင်ကို စစ်ကြောင်းထိုးချိန်မှာ ရွာသား ၅ ယောက်ကို ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းသွားလဲတော့ မသိဘူး။ အခု သူတို့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ထို့နောက် ကျွဲတလင်းကျေးရွာဘက်သို့လည်း ဩဂုတ်လ ၅ ရက်နေ့က ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ ပြီး ရွာသားအချို့ကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သော်လည်း ဖမ်းဆီးခေါ်ဆောင်သွားခြင်း မရှိကြောင်း ဆိုသည်။
လက်ရှိတွင် ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းတစ်လျှောက်၌ စစ်တပ်က ကင်းပုန်းဝတ်အများအပြား ချထား ကာ တစ်ရွာဝင်တစ်ရွာထွက် လှုပ်ရှားသွားလာနေခြင်းကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည့်အရေးနှင့် ဖမ်းဆီးခံရမည်ကို ဒေသခံပြည်သူများက အထူးစိုးရိမ်နေကြကြောင်း PDF အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ မှ တာဝန်ရှိသူ စောဒါးကိုက ဆိုသည်။
“သူတို့စစ်ကြောင်းဝင်လာတဲ့နေရာကတော့ ရွာသားတွေက ကြောက်ကြတာပေါ့။ သူတို့က အလယ်စခန်းအထိ ကို စစ်ကြောင်းထိုးတယ်။ လမ်းမှာလည်း ကင်းပုန်းတွေ ချထားတယ်။ သူတို့အင်အားစုစည်းပြီး သရက်ချောင်း ဘက်ကနေ တက်လာတယ်။ ရာဖူးကိုဝင်တယ်၊ ပြီးတော့ ကျောက်ကဒင်၊ ကျွဲတလင်း၊ အလယ်စခန်းအထိ ဝင် လာတယ်။”
အဆိုပါ လမ်းပိုင်းတစ်လျှောက်တွင် စစ်တပ်က ကင်းပုန်းဝတ်များ ချထားခြင်းကြောင့် ဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာရန် လုံခြုံမှုမရှိတော့ဘဲ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများသို့ သွားရောက်လုပ်ကိုင်ရန်ပါ ခက်ခဲလျက်ရှိနေသည်။
ရေဖြူ - ကလိန်အောင် ကားလမ်းပိုင်းသည် စစ်တပ် စစ်ကြောင်းများအပြင် တော်လှန်ရေးတပ်ဖွဲ့များပါ သွားလာ လှုပ်ရှားရာ နယ်မြေဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးသည့် နေရာတစ်ခု ဖြစ်သည်။
ဓာတ်ပုံ - Google Earth







