စစ်ကောင်စီ ဖမ်းဆီးထားသော လူငယ်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး၊ အလောင်းပြန်မပေးဟုဆို

စစ်ကောင်စီ ဖမ်းဆီးထားသော လူငယ်တစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး၊ အလောင်းပြန်မပေးဟုဆို

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသူများထဲမှ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးသည် စစ်ကောင်စီ၏ ရိုက်နှက်စစ်‌ဆေးမှုများကြောင့် သေဆုံးသွားခဲ့ပြီး မိသားစုထံအလောင်းပြန်မပေးကြောင်း ဒေသခံများထံမှ သိရသည်။

“နိုဝင်ဘာလ ၆ ရက်မှာ ဒေးဒနှောရွာက ၁၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားတာပါ။ မနေ့က သုံးယောက် ပြန်လွှတ်တယ်။ မောင်ဇင်ဝေအောင်ကတော့ ရိုက်စစ်ခံရပြီး သေသွားတယ်လို့ ကြားတယ်။ သူ့အမေကတော့ ကျန်းမာရေးအ‌ခြေအနေကြောင့် သူ့သားဆုံးသွားတယ်ဆိုတာ မသိရှာသေးဘူး ” ဟု ကွမ်းခြံကုန်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၆ ရက်တွင် စစ်ကောင်စီ၏ စစ်ကားတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ဒေးဒနှောရွာအတွင်း လာရောက်ရှာဖွေသူနှစ်ဦးကို မတွေ့သည့်အတွက် အိမ်ပြရန်ခေါ်လာသူကို စစ်ကောင်စီတပ်က ခြောက်လှန့်မေးမြန်းခဲ့ရာ ၎င်းက မောင်ဇင်ဝေအောင် ကို လက်ညှိုးထိုးပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင် မောင်ဇင်ဝေအောင် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထားစဉ် ရိုက်နှက်ခံရခြင်းကြောင့် ယင်းနေ့ ညပိုင်းမှာပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မောင်ဇင်ဝေအောင်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ပြန်မပေးဘဲ မင်္ဂလာဒုံစစ်ဆေးရုံတွင် ထားရှိကာ အလောင်းကို စစ်ဆေးရုံက သတ်မှတ်ပေးသည့် နေရာ၌ပင် သင်္ဂြိုလ်ရမည်ဟု ပြောဆိုကြောင်း၊ မိသားစုဝင်နှစ်ဦးသာလိုက်ရမည်ဟု ပြောဆိုကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက် ညပိုင်းက ကွမ်းခြံကုန်းမြို့ အင်္ဂလုံးကျေးရွာအနီး လမ်းမကြီးပေါ်တွင် စစ်ကောင်စီအဖွဲ့ဝင် ၂၅ ဦးခန့် ပါဝင်သည့် ကင်းလှည့် စစ်ကားတစ်စီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးကာ ၁၃ ဦးခန့် ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ “ပျံလွှားအောင်” စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃၁ဦးကို ဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအပြင် ဒေးဒနှောကျေးရွာမှလည်း အပြစ်မဲ့ပြည်သူ ၁၁ဦး ဖမ်းဆီးခံခဲ့ရပြီး သုံးဦးကို ပြန်လည်လွှတ်ပေးခဲ့သည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...