စစ်တပ်က လူသစ်စုဆောင်းနေ၍ သောက်ရေသန့် ပို့ဆောင်းရေး၌ အမျိုးသမီးများ အစားထိုး လုပ်ကိုင်နေရ

စစ်တပ်က လူသစ်စုဆောင်းနေ၍ သောက်ရေသန့် ပို့ဆောင်းရေး၌ အမျိုးသမီးများ အစားထိုး လုပ်ကိုင်နေရ
ဓာတ်ပုံ - စစ်အုပ်စုတပ်
ဓာတ်ပုံ - စစ်အုပ်စုတပ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး စစ်အုပ်စုတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်း ဖမ်းဆီးမှုများကြောင့် ယခင်က အမျိုးသားများသာ လုပ်ကိုင်သည့် သောက်ရေ သန့်ဘူး ပို့ဆောင်သည့် လုပ်ငန်းများတွင် အမျိုးသမီးများ အစားထိုး ဝင်ရောက် လုပ်ကိုင်နေရကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ တပ်သားစုဆောင်းမှုများ စိစစ်ခပ်စိပ်စိပ် ပြုလုပ်လာပြီး ယခုဩဂုတ်လအတွင်း ပိုမိုဖမ်းဆီးလာသဖြင့် နှစ်လကျော်ကာလအတွင်း ဖမ်းဆီးခံရသည့် အမျိုးသားဦးရေ ၄၀ ထက်မနည်း ရှိနိုင် ကြောင်း မြို့ခံ သတင်းအရင်းမြစ်များက ဆိုသည်။

ထိုစာရင်းမှာ လက်လှမ်းမီသလောက် ကောက်ယူထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက် ပိုမိုများ ပြားနိုင်သဖြင့် ကိန်းဂဏန်း အတိအကျကို မဇ္ဈိမက သီးခြား စုံစမ်းလျက်ရှိသည်။

အဆိုပါ ဖမ်းဆီးမှုများကြောင့် မြို့တွင်း ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ၊ ကုန်ပစ္စည်း ပို့ဆောင်ခြင်းနှင့် လီတာ ၂၀ ဝင် သောက်ရေသန့်ဘူး ပို့ဆောင်သည့် အလုပ်များကို အမျိုးသားများ မလုပ်ကိုင်ရဲကြတော့ပေ။

“တော်တော်ကို ကြမ်းတာ။ မြို့ပေါ် ရပ်ကွက်တွေအထိ ဆွဲတာ။ နေ့ရော၊ ညရော မသွားရဲမလာရဲကြတော့ဘူး။ တချို့ဆိုရင် ရေသန့်ပို့တာဆို ယောက်ျားလေးတွေ ထမ်းပို့ရတဲ့အလုပ်လေ၊ အခု မိန်းကလေးတွေပဲ လိုက်ပို့နေရ တယ်။ တလမ်းဝင်တလမ်းထွက်တော့ မလုပ်ရဲကြဘူး။ စက်ရုံ၊ အလုပ်ရုံတို့လောက်ပဲ လုပ်ရဲကြတော့တာ” ဟု ဒေသခံ သတင်းအရင်းမြစ်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

အဓမ္မ တပ်သားစုဆောင်းရာတွင် အသက် ၁၈ နှစ်မှ ၂၀ ဝန်းကျင် အမျိုးသားများ အဓိက ဖမ်းဆီးခံရပြီး အသက် ၃၀ ဝန်းကျင်အရွယ်များမှာ ဒုတိယအများဆုံး ဖမ်းဆီးခံနေရသည်။

အိုးဘိုရပ်ကွက်တွင် ဖမ်းဆီးမှု အဆိုးရွားဆုံးဖြစ်ပြီး အရာရှိမဟုတ်သည့် သာမန် ရဲတပ်သားများ၏ သားသမီး များပါ မကျန် ဖမ်းဆီးခံနေရသဖြင့် အစိုးရဝန်ထမ်း မိသားစုအများစုသည် သားသမီးများကို အခြားမြို့များသို့ ပို့ဆောင်တိမ်းရှောင်ခိုင်းနေရသည်။

မဇ္ဈိမ၏ စုံစမ်းချက်များအရ စစ်ကိုင်းမြို့အပြင် ရန်ကုန်မြို့ပေါ် နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးနေသည့် အပြင် မန္တလေးတိုင်းရှိ မြင်းခြံ၊ ပုဂံ-ညောင်ဦး ကားလမ်း၊ မြင်းခြံ-မိတ္ထီလာ-မလှိုင်-ရန်ကုန် ကားလမ်း၊ တောင်သာ မြို့နယ်နှင့် မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ် မြို့ပေါ်ရပ်ကွက်များ၌ပါ စစ်အုပ်စုတပ်က တပ်သားသစ် ရရှိရေး အတွက် ဩဂုတ်လအတွင်း ခပ်စိပ်စိပ် ဖမ်းဆီးလျက်ရှိသည်။

အလားတူ မကွေးမြို့ပေါ်နှင့် မကွေးတိုင်းအတွင်းရှိ မြို့နယ်အများစု၊ အထူးသဖြင့် မကွေး-မင်းဘူး စစ်ဆေးရေး ဂိတ်တို့တွင် လမ်းသွားလမ်းလာများနှင့် ခရီးသွားများကို မြို့အဝင်အထွက်များ၌ စောင့်ဆိုင်း တားဆီးစစ်ဆေးကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

စစ်အုပ်စုတပ်သည် ၎င်းတို့ ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် (၂၇) အထိ သင်တန်းပေးရန် ပြင်ဆင်နေပြီး၊ လာမည့် အပတ်စဉ် (၂၈) အတွက်ပါ တပ်သားသစ် ကြိုတင်ဖမ်းဆီး စုဆောင်းမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...