ချောင်းဦးတွင် ဆရာတော် အပါအဝင် ဒေသခံများကို ပလဖ ဖမ်းဆီးထားပြီး ပြန်မလွှတ်သေး

ချောင်းဦးတွင် ဆရာတော် အပါအဝင် ဒေသခံများကို ပလဖ ဖမ်းဆီးထားပြီး ပြန်မလွှတ်သေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရွာဦးကျောင်း ဆရာတော် အပါအဝင် ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဩဂုတ်လ ၁၈ ရက် ည ၁၀ နာရီခန့်တွင် သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ခရိုင်အမိန့်ဟုဆို၍ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး မုံရွာခရိုင် ၅+၁ ၏ တပ်ခွဲမှူး၊ တပ်စုမှူးတို့နှင့် ဒေသခံတစ်ဦး (တော်လှန်ရေးအဖွဲ့ဝင်ဟောင်း) မှာ ဩဂုတ် လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့သော်လည်း ရွာဦးကျောင်းဆရာတော်နှင့် ဒေသခံ အချို့မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။

မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးက “အနားကပ်တဲ့သူတွေ အကုန်ပစ်မှာဆိုပြီး ပြည်သူတွေကို မှောက်ခိုင်းတယ်။ ဖုန်းတွေ အလုခံရတဲ့ အန်တီတယောက်လည်း နားတွေအူပြီး ဘာမှမကြားရတော့ဘူးတဲ့ (ဩဂုတ် ၁၉ ရက် မနက် ၃ နာရီအထိ)။ ရဲဘော်တွေကတော့ ပြန်အဆက်အသွယ်ရပါပြီ” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးမှုများကို ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ပြုလုပ်ခြင်းဖြစ်သည်ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်များက ပြောသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ချောင်းဦးမြို့နယ် - ပလဖ အဖွဲ့ထံ လူမှုကွန်ရက်မှ တစ်ဆင့် မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဖမ်းဆီးစဉ် ငွေကျပ် ၄ သိန်း၊ ယာဉ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ ဖုန်း ၄ လုံးနှင့် လက်တော့ပ်တစ်လုံးကို သိမ်း ဆည်းသွားခဲ့ပြီး ဖုန်းများ ပြန်လည်ရရှိခဲ့သော်လည်း ကျပ် ၁၅ သိန်းဝန်းကျင် တန်ဖိုးရှိ လက်တော့ပ်မှာ ပြန်မရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဒေသခံတစ်ဦးက “မုံရွာခရိုင် ၅+၁ ရဲဘော်တွေက သတင်းကြားကြားချင်း တန်းလိုက်လို့ အဲဒီည မနက် ၁ နာရီ ဝန်းကျင်မှာ ပြန်လွှတ်ပေးတယ်။ ရဲဘော်ဟောင်း (ဒေသခံများထဲမှ တဦး) က မနက်မှ ပြန်လွှတ်တယ်။ ပြည်သူ တွေ ပြန်လွတ်တယ် မကြားသေးဘူး။ ဘာကြောင့် ဝင်ဖမ်းလဲ ထုတ်ပြန်ချက်နဲ့ ဖြေရှင်းချက် မပေးဘူး” ဟု ရှင်းပြသည်။

ထို့ပြင် ဒေသခံများက ချောင်းဦးမြို့နယ် ပလဖ အဖွဲ့ထံ သွားရောက်မေးမြန်းခဲ့သော်လည်း ၎င်းတို့ ဖမ်းဆီးခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သော်လည်း ပြန်လွှတ်လာသည့် တော်လှန်ရေးရဲဘော်များမှာ ချောင်းဦး ပလဖ ရုံးခန်းမှ ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

အခြား ဒေသခံတစ်ဦးကလည်း “တွန်းလှဲခဲ့တာတွေရှိလို့ အသက်ကြီးရွယ်အို အဖွားတစ်ယောက်က နှလုံးရောဂါ ရှိလို့ အေးအေးဆေးဆေး လုပ်ပါပြောပေမဲ့ သေနတ်ပစ်ဖောက်ခဲ့လို့ အဖွားက အတော်လေး ကြောက်နေသေး တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရစဉ်အတွင်း အသက်အန္တရာယ် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိခဲ့သည်။

လက်ရှိအချိန်အထိ ရွာဦးကျောင်းဆရာတော်နှင့် ဒေသခံများ ပြန်လွတ်လာခြင်း မရှိသေးသကဲ့သို့ တော်လှန်ရေး တပ်ဖွဲ့များအချင်းချင်း ညှိနှိုင်းဖြေရှင်းမှုတစ်စုံတစ်ရာ မရှိသေးပေ။ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ကျေးရွာအမည်ကိုမူ လုံခြုံရေးအရ ဖော်ပြမထားပေ။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း / Credit)
September 15, 2026
ရခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်း ပင်လယ်ပြင်နှင့် မြစ်ကြောင်းများ၌ အသက်မွေးဝမ်းကျောင်းပြုနေသည့်...
ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...