ကရင်ပြည်နယ်နေ့ ပွဲတော်လာသူ မရှိသလောက်နည်းပါး

ကရင်ပြည်နယ်နေ့ ပွဲတော်လာသူ မရှိသလောက်နည်းပါး

ဘားအံမြို့၌ ပြုလုပ်ခဲ့သော ( ၆၆ ) ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ယမန်နေ့ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့ရာ လာရောက်သူ ဦးရေ မရှိသလောက်ဖြစ်နေပြီး ယခင်နှစ်များထက် လွန်စွာ နည်းပါးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်စဥ် နိုဝင်ဘာ ၇ ရက်နေ့အား ကရင်တိုင်းရင်းသားများ၏ ပြည်နယ်ပွဲတော်နေ့အဖြစ် သတ်မှတ်ထားပြီး ယင်းနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများအပြင် အနယ်နယ် အရပ်ရပ်မှ ကရင်တိုင်းရင်းသားများလည်း လာရောက် လည်ပတ်ကြသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပသည့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့တွင် သွားလာမှုများ ကန့်သတ်ခြင်း၊ စစ်ဆေးမေးမြန်း ရှာဖွေခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများပင် လာရောက် လည်ပတ်ခြင်း အလွန်နည်းပါးခဲ့သည်။

" နှစ်စဉ် နှစ်တိုင်း ကျင်းပနေတဲ့ ကရင်ပြည်နယ် ပွဲ‌တော်ကိုတောင်မှ ဒီလိုမျိုး ပိတ်ပင် တားဆီးချက် တွေနဲ့ လွတ်လပ်စွာ သွားလာပျော်ရွှင်ရမယ့် နေ့ရက်ကိုတောင် စစ်တာဆေးတာတွေ လုပ်တယ်။ ပြီးတော့ တိုင်းပြည်အာဏာကို တစ်ဖက်သတ် လုယူခဲ့တဲ့ ဒီလို အာဏာရှင်မျိုး လက်အောက်မှာတော့ ဘယ်တော့အခါမှ အပျော်တွေရလာမှာ မဟုတ်ဘူး"ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းနေ့တွင် တစ်မြို့လုံးနီးပါး မီးဖြတ်တောက်ခံထားရပြီး ပွဲတော်ပြုလုပ်ရာ ပြည်နယ်ကွင်း အတွင်း၌သာ အဓိကထား မီးပေးသည်ဟု ဆိုသည်။

ယခင်နှစ်များက ဖွင့်ပွဲနေ့တွင် ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ခေါင်းဆောင်ပိုင်းများက ပုံမှန် တက်ရောက်သော်လည်း ယခုနှစ်တွင် မတက်ရောက်ခဲ့ဘဲ တပ်မဟာများအတွင်းမှ ခေါင်းဆောင် အချို့သာ တက်ရောက်ခဲ့သည်။

စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ကရင်ပြည်နယ်နေ့သို့ ကရင်အမျိုးသား အစည်းအရုံးက သဝဏ်လွှာလည်း မပေးပို့ခဲ့ပေ။

ကရင်ပြည်နယ်နေ့ ပွဲတော်ဖွင့်ပွဲသို့ စစ်ကောင်စီဘက်မှ ပြည်နယ်တရားသူကြီးချုပ်၊ ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့ ဥက္ကဌ အပါအဝင် အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ခေတ္တ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဒေသခံ တိုင်းရင်းသားအချို့သာ တက်ရောက် ခဲ့ကြသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...