စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခြင်း

ဒီကနေ့ အောက်တိုဘာလ (၁၉) ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွိုင်ကော်အကျဉ်းထောင်ကနေ ပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းကျခံရသူ ၂၂ ဦး လွတ်မြောက်လာပါတယ်။ စစ်ကောင်စီဆန့်ကျင်တဲ့ စာရွက်လိုက်ကပ်လို့ ဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅၀၅ (က) အမှုရင်ဆိုင်ဆဲဖြစ်ပေမယ့် လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးနဲ့ ကန္တာရဝတီတိုင်း(မ်) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဘယ်ချိန်တုန်းက ဖမ်းခံရတာလဲ။ ဘာကြောင့်အဖမ်းခံရတာလဲ။

ဖြေ။ ။ ကျနော်က ၄ လပိုင်း ၂၉ ရက်နေ့မှာ ဖမ်းဆီခံရတာ။ မနက် ၉ နာရီလောက်မှာ စစ်တပ်ဆန့်ကျင်စာရွက်ကို လိုက်ဖြန့်တယ်။ ရပ်ကွက်ထဲ ခနပြန်ဝင်တယ်။ ဝင်ပြီးတော့ ကျနော့်သူငယ်ချင်းက ကွမ်းစားချင်တယ်ဆိုလို့ ကွမ်းယာဆိုင်ကိုသွားတာ အဲ့ဆိုင်မှာ သူတို့ကစောင့်နေတာ ကွမ်းဝယ်နေတဲ့အချိန်မှာ ရဲတွေရောက်လာပြီး လာဖမ်းသွားတာ။

မေး။ ။ အဲ့တုန်းက ဘယ်နယောက် အဖမ်းခံလိုက်ရလဲ။

ဖြေ။ ။ ကျနော်တို့နှစ်ယောက်ပဲ။ ကျနော့် အမှုတွဲတစ်ယောက်က လွတ်သွားတာကြာပြီ။ ၆ လပိုင်း ၃၀ ရက်နေ့ကတည်းက လွတ်သွားတာ။

မေး။ ။ ဒီရက် စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဘယ်နှစ်ယောက်လွတ်လာလဲ။

ဖြေ။ ။ ဒီရက် ၂၂ ယောက်မှာ ၂၀ ပဲလွတ်တယ်။ ၂ ယောက်ကျတော့ ဆန္ဒပြပွဲမှာ သူတို့ကို လက်နက်ပါတယ်ဆိုပြီးတော့ ၁၉(င) နဲ့ ထပ်စွဲထားတယ်တဲ့ ၅၀၅ နဲ့တော့ လွတ်သွားပြီး ၁၉ (င) နဲ့ကျန်သေးလို့ ၂ ယောက်ကျန်ခဲ့တယ်။

မေး။ ။ ဖမ်းဆီးခံရပြီးနောက် ဘာပုဒ်မနဲ့ အမှုဖွင့်ခံရတာလဲ။

ဖြေ။ ။ စဖမ်းတော့ ဖရူဆိုရဲစခန်းမှာ ရဲစခန်းကနေ နေ့လည် ၂ နာရီလောက်မှာ လွိုင်ကော်ကို ရောက်တယ်။ ဖရူဆိုမြို့မှာကတည်းက သူတို့အမှုဖွင့်လိုက်ပြီပေါ့။ ၅၀၅ နဲ့ အမှုဖွင့်လိုက်ပြီ တစ်ခါတည်းအမှုဖွင့်လိုက်တာ။ ရောက်တော့ တရားသူကြီးဆီမှာ ရမန်သွားယူတယ်။ အဲ့ညတော့ လွိုင်ကော်မြို့မရဲစခန်းမှာပဲ တစ်ညအိပ်လိုက်ရတယ်။ နောက်ရက်တော့ ကိုဗစ်စစ်ပြီးမှ သူတို့ အချုပ်ထဲပြောင်းထားပေးတယ်။ ရဲစခန်းအချုပ်မှာ နှစ်ပတ်နေလိုက်ရတယ်။ နောက်မှပဲ ထောင်ရောက်တယ်။

မေး။ ။ အကျဉ်းထောင်ထဲမှာ ၅၀၅ နဲ့ တရားစွဲဆိုခံရတဲ့သူ ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ။ ။ ကျနော်တို့အများကြီးပဲ။ လက်နက်ကိုင်သင်တန်းဆင်းတယ်ဆိုတဲ့ (၇၄) ယောက်တစ်ဖွဲ့၊ တကယ် ဘားမှမဟုတ်ဘဲနဲ့ ဖမ်းခံလိုက်ရတဲ့သူလည်း အများကြီးပဲ အသုဘမှာ ထမင်းသွားစားရင်းနဲ့ မိတဲ့သူ၊ လက်ထပ်ပွဲသွားရင်းနဲ့ လမ်းမှာမိတဲ့သူလည်းရှိတယ်။ သူတို့ကျ ခုထိမလွှတ်သေးဘူး။ ကုမ္ပဏီကနေ ဓတ်တိုင်လိုက်ဆင်လိုက်တဲ့သူကော ဖမ်းဆီးခံလိုက်ရတဲ့သူရှိတယ်။ သူတို့လည်း ၅၀၅ ပဲ။ သူတို့မှာကျ ဘာပြစ်မှုမှမရှိဘူး။ ခုထိမလွတ်သေးဘူး အဲ့လိုရှိတယ်။

မေး။ ။ အကျဉ်းထောင်ထဲမှာ ဘယ်လိုပုံစံနဲ့နေခဲ့ရလဲ။

ဖြေ။ ။ ကျနော်တို့အခန်းက အရင်က လူနည်းတဲ့ချိန်ဆို ၂၀ လောက်ပဲရှိတယ်။ နောက်လူများတော့ တစ်ခါတလေ အယောက် ၄၀ ရှိသွားတဲ့ချိန်တယ်။ နေရာကြပ်သွားပြီ အဆင်မပြေတော့ဘူး။ တစ်ခန်းမှ အိမ်သာ တစ်လုံးပဲရှိတယ်ပေါ့။ ကျနော်ထွက်လာတဲ့ချိန်တော့ တစ်ခန်းမှာ အယောက် ၃၀ ပဲ ရှိတယ်။

မေး။ ။ သူတို့တွေက ဘာပုဒ်မနဲ့ ရောက်လာကြတာလဲ။

ဖြေ။ ။ ၅၀၅(က) ရှိတယ်။ ၁၉(စ) လည်းရှိတယ်။ ဝက်သားခုတ်ရင်းသွားရင်း လမ်းမှာဖမ်းလိုက်တယ်။ ခု ၆ လကျော်ပြီ။ ပြန်မလွှတ်သေးဘူး။ သူ့အမှုက ဓားဆိုတော့ အမြင့်ဆုံးချမှ ၆ လပဲ။ အဲ့ဒါ ၆ လကျော် ၇ လထိရှိနေပြီ။ ထောင်ထဲမှာရောက်တာ ပြန်မလွတ်သေးဘူး။ သူက ဝက်သတ်ဖို့သွားတဲ့ချိန်မှာ လမ်းမှာဖမ်းသွားတာတဲ့ အဲ့ဒါရှိတယ်။ ၁၉(စ)၊ ၁၉(ည)၊ ၁၉(င) တွေကော အဲ့ဒါတွေရှိတယ်။

မေ။ ။ ပုဒ်မ ၅၀၅ နဲ့က ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ။ ။ သပိတ်မှာ ဖမ်းမိတာဆိုရင် နည်းနည်းပဲရှိတယ်။ အခု သူတို့အခုပြန်လွှတ်တဲ့ထဲ ပါသွားတယ် ပြီးတော့ တိုက်ပွဲဖြစ်တဲ့အချိန်အတွင်းမှာ လမ်းဖြတ်တဲ့သူကော အသုဘကနေကော ဓတ်တိုင်ဆင်ပြီးပြန်လာတဲ့သူကော ပေါင်းလိုက်မယ်ဆိုရင် ၅၀၅(က) က ၃၂ ယောက်ရှိတယ် ကျန်တာ ၁၉(စ) တွေ။ လက်နက်ကိုင်သင်တန်းဆင်းတဲ့သူတွေ မပါသေးဘူး။

မေး။ ။အကျဉ်းထောင်ထဲ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်းမာရေးစောင့်ရှောက်မှုကတော့ အပြည့်အဝပေးပါတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် ဆေးခန်းသွားလို့ရတယ် အဲ့ဒါတွေရှိတယ်။

မေး။ ။ အမှုက စစ်ဆေးဆဲလား အမိန့်ချပြီလား။

ဖြေ။ ။ ကျနော့်အမှုက တရားလိုတစ်ယောက်တောင် စစ်ပြီးပြီ။ နောက်တော့ သက်သေက မလာနိုင်လို့ မစစ်တာ တော်တော်ကြာပြီ။ ကျနော့်အမှုက စစ်နေဆဲပဲ အမိန့်တော့မချသေးဘူး။

မေး။ ။ အခြား ဘာပြောပြချင်တာရှိသေးလဲ။

ဖြေ။ ။ ကျနော်က စာရွက်လိုက်ကပ်လို့ဖမ်းခံရပြီး ၅၀၅ ပုဒ်မနဲ့ တပ်ခံရတာ အဓိပ္ပါယ်ရှိသေးတယ်။ တချို့ကျတော့ အိမ်မှာနေရင်းနဲ့ ဖမ်းခံရတဲ့သူတွေ လက်ထပ်ပွဲသွားရင်းနဲ့ ဖမ်းခံရတဲ့သူတွေ အသုဘအိမ်မှာ ထမင်းစားရင်းနဲ့ ဖမ်းခံရတဲ့သူတွေ သူတို့ကျတော့ ရုံးလည်းမထုတ်ဘူး ရုံးလည်းမစစ်ဘူး။ သူတို့မှာလည်း ထောင်ဝင်စာလည်းမလာဘူး။ တော်တော်ခက်ခဲကြတယ်။ ဘာမှမဟုတ်တဲ့ ဝက်သားခုတ်ဓါးနဲ့ ထောင်ကျနေရတယ် သူတို့အတွက် တစ်ခုခုလုပ်ပေးစေချင်တယ်။

ကျေးဇူးတင်ပါတယ်။

 
 

 

 

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...