ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ၁၉၄၈ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်နေသည့် ယခုတော်လှန်ရေးသည် ရယူခြင်းမဟုတ်ဘဲ ပေးဆပ်ခြင်းသာ ဖြစ်ရမည်ဟု ကရင်နီပြည် အစိုးရ ဒုတိယဝန်ကြီးချုပ် ခူးထဲဘူးက ပြောသည်။
ယမန်နေ့ (ဩဂုတ်လ ၉ ရက်) က ကရင်နီပြည်တပ်မတော် (KA) ထိန်းချုပ်ရာနယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့သည့် (၇၈) နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားတွင် ခူးထဲဘူးက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တော်လှန်ရေးကို အကြောင်းပြပြီးတော့မှ စီးပွားရေး အကျိုးအမြတ် ရှာတဲ့သူ အများကြီးရှိတယ်။ အဲ့ဒီထဲမှာ ကိုယ့်ကိုယ်ပြန်ပြီး သုံးသပ်ရမယ်။ ကျနော်တို့ ပါသလား ကျနော်၊ ကျမတို့ ပါသလား။ မဟုတ်ရင် ကျနော်တို့ ပေးဆပ်တဲ့သူဖြစ်နေသလား။ တော်လှန်ရေးဆိုတာ ရယူခြင်းမဟုတ်ဘူး ပေးဆပ်ခြင်းပဲဖြစ်တယ်။ ရယူခြင်းဆို တာ အားလုံး ဘုံဖြစ်တဲ့ မျှတရေးနဲ့ ကျနော်တို့ လွတ်မြောက်ရေးအတွက်ပဲ ဖြစ်တယ်။ အဲ့ဒါက အားလုံးအတွက် မျှမျှတတနဲ့ ရယူရမည့် ပန်းတိုင်တစ်ခုဖြစ်တယ်။ ကျနော်တို့ အသိအမှတ်ပြုပြီးတော့မှ ဒီကနေ့ ဆက်လက် ပါဝင်သွားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ခူးထဲဘူးက ပြောသည်။
ထို့ပြင် တော်လှန်ရေးတွင် ပါဝင်သူအားလုံးအနေဖြင့် နယ်မြေဒေသစွဲ၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲများ မရှိကြရန် လိုအပ်ကြောင်းနှင့် ကရင်နီပြည်အတွင်း အေးအတူပူအမျှ ယှဉ်တွဲနေထိုင်သွားရန် အရေးကြီးကြောင်း ကိုလည်း ခူးထဲဘူးက ပြောဆိုခဲ့သည်။
ကရင်နီပြည်တွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရန် တော်လှန်တိုက်ခိုက်လာခဲ့သည်မှာ နှစ်ပေါင်း ၇၈ နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဆက်လက်တိုက်ခိုက်နေကြဆဲ ဖြစ်သည်။
လိုချင်သည့် ပန်းတိုင်သို့ ရောက်ရှိရန် မပြီးဆုံးသေးသည့် တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်သွားရမည် ဖြစ်သဖြင့် မိမိပါဝင်နေသည့် တော်လှန်ရေး၌ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ကြရန် ခူးထဲဘူးက ယခုကဲ့သို့ တိုက်တွန်းထားသည်။
“ကျနော်တို့ တာဝန်ယူလှုပ်ရှားတဲ့ကဏ္ဍ ကျနော်တို့ ပေးဆပ်တဲ့သူဖြစ်နေပြီလား၊ ရယူတဲ့သူဖြစ်နေပြီလား ဆိုတာ ကျနော်တို့ ညီအစ်ကို မောင်နှမကြားမှာ မျှဝေပေးကြပါ။ ကျနော်တို့ မှန်ကန်တဲ့ လမ်းကြောင်းသွားနေ တော့ ကိုယ်စီးနေတဲ့ မြင်းက အထီးလား၊ အမလား ကျနော်တို့ မှန်ကန်တဲ့ ပန်းတိုင်ကိုသွားနေပြီလား၊ ရှင်းရှင်း လင်းလင်း သိမြင်နေရရင်တော့ ကျနော်တို့ အောင်ပွဲကို မလွဲမသွေ ရောက်ရှိလာမှာပါလို့ တိုက်တွန်းပြောချင်ပါ တယ်။”
တော်လှန်ရေး ရဲဘော်ရဲဘက်များ အားလုံးသည် ညီအစ်ကိုမောင်နှမ အရင်းအချာများ ဖြစ်ကြပြီး တော်လှန်ရေး တွင် ပေးဆပ်စွန့်လွှတ်သွားခဲ့သည့် ရဲဘော်များအတွက် အတူတကွ ဆက်လက်ပူးပေါင်း သွားကြရန်လည်း တာဝန်ရှိသူများက တိုက်တွန်းထားသည်။
အဆိုပါ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများ ဖြစ် ကြသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီ အမျိုးသားလူငယ်အစည်းအရုံး (KNYO) နှင့် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ပေးပို့လာသည့် သဝဏ်လွှာများတွင် ဖက်ဒရယ်ဒီမိုကရေစီရရှိရန် တော်လှန်ရေး အောင်ပွဲဆီသို့ အတူတကွ ဆက်လက်သွားကြရန် တိုက်တွန်းထားပြီး ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုထားကြသည်။
ကရင်နီပြည်တပ်မတော် (KA) ထိန်းချုပ်နယ်မြေ၌ ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားသို့ KA တာဝန်ရှိသူများ၊ KNPP၊ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)၊ KNDF၊ ကရင်နီပြည်ရဲဌာန (KSP)၊ ကရင်နီပြည် ဌာနဆိုင်ရာအသီးသီး မှ ခေါင်းဆောင်များ၊ KNYO၊ ထိုင်း-ကရင်နီနယ်စပ်ရှိ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ အပါ အဝင် လူဦးရေ ၅၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။







