စစ်ကောင်စီစစ်ကြောင်းများ တရုန်သို့သွားမည့်လမ်းကို KIA ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေ

စစ်ကောင်စီစစ်ကြောင်းများ တရုန်သို့သွားမည့်လမ်းကို KIA ပိတ်ဆို့ထားပြီး စစ်ရေးတင်းမာနေ

စစ်ကောင်စီ အင်အားရာချီပါဝင်သော စစ်ကြောင်းသည် တနိုင်းမှ တရုန်သို့တက်လာစဉ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လမ်းကြောင်းပိတ်ဆို့ထားသောကြောင့် ယနေ့ နံနက်ပိုင်းကစတင်ပြီး တနိုင်း ရှင်ဗွေယန်လမ်းကြောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

တနိုင်းမှ တက်လာသောကားများကို ပန္နက်ကျေးရွာတွင် စစ်ကောင်စီက ပိတ်ထားပြီး ရှင်ဗွေယန်မှ တနိုင်းသို့ဆင်းလာသော ကားများကို လဂျားဘွမ်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၅ က ပိတ်ထားသည်ဟု ဆိုသည်။

“ပေါ်တင်ဖြစ်နေတယ်။ အခုတော့ သူတို့ (စစ်တပ်) ရှိန်လုံအထိရောက်ပြီ။ အဲဒါကို KIA ဘက်က မသွားခိုင်းဘူး။ သွားရင် ပစ်မယ်လို့ပြောထားတယ်။ စစ်တပ်ဘက်ကလည်း အမိန့်အရဆိုတော့ သွားကိုသွားမယ်ထင်တယ်။” ဟု တရုန်ဒေသခံတစ်ဦးက KNG ကို ပြောသည်။

စစ်ကောင်စီအင်အား ရာဂဏန်းပါသောစစ်ကြောင်းသည် တရုန်ဘက်သို့ဝင်မည့်အစီစဉ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကန့်ကွက်ထားပြီး ဝင်ရောက်လာပါက ပစ်ခတ်မည်ဟု ဆိုထားသဖြင့် လက်ရှိတွင် တနိုင်း-တရုန်လမ်းကြောင်းပေါ်တွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

ထိုသို့ တနိုင်းမှတက်လာသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှိန်လုံဂါးကျေးရွာသို့ ရောက်ရှိနေပြီး တရုန်သို့ ဆက်လက်ထွက်ခွာရန် လမ်းကြောင်းရှာဖွေနေသည်ဟု သိရသည်။

တရုန်ကျေးရွာတွင် ယခင်က စစ်ကောင်စီ စစ်တပ်တစ်ခု တပ်စွဲထားသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါတပ်များမှာ တနိုင်း ဒကစသို့ သွားရောက်ပူးပေါင်းလိုက်သည်ဟု သိရသည်။

ထိုနေရာကို လက်ရှိတွင် KIA တပ်ရင်း ၄၅ က ထိန်းချုပ်ထားသည်ဟု ဒေသခံများပြောသည်။

စစ်ကောင်စီစစ်ကြောင်းအနေဖြင့် KIA ပိတ်ဆို့ထားသည့် လမ်းကြောင်းအတိုင်း တရုန်သို့ ဆက်လက်ချီတက်လာပါက တိုက်ပွဲဖြစ်ပွားမည်ဖြစ်သောကြောင့် သတိအနေအထားဖြင့် နေနေရကြောင်း တရုန်ဒေသခံများက KNG ကို ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ စစ်ကောင်စီကို ပြန်လည်တော်လှန်ရန် စစ်ကြေညာထားသော နေ့ဖြစ်သည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...