ကောင့်ဂျာယန်၌ စစ်အုပ်စု စစ်ကြောင်းတစ်ခုလုံး သုတ်သင်ခံရ

ကောင့်ဂျာယန်၌ စစ်အုပ်စု စစ်ကြောင်းတစ်ခုလုံး သုတ်သင်ခံရ
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။

ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့် စစ်အုပ်စုတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ကောင့်ဂျာယန်ဘက်၌ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတစ်ခုလုံးနီးပါး သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်များက ပြောသည်။

စစ်အင်အား ၁၀၀ ကျော်ရှိသည့် ဗန်းမော်အခြေစိုက် ခလရ (၄၇) တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ကြောင်းများသည် KIA ပူးပေါင်းတပ်များ နေရာယူထားသည့် ကောင့်ဂျာယန်ဘက်သို့ စက်တင်ဘာလ ၁၃ ရက်တွင် ဝင်ရောက်လာချိန်၌ ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

KIA ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးက “ကောင့်ဂျာယန်ဘက်ကို ဝင်လာတဲ့ စစ်ကြောင်းအားလုံး ပြုတ်သွားပြီ။ ဂျရီချောင်းဘက်ကနေ စက်လှေအသေးတွေနဲ့ ဝင်လာတာဟုတ်တယ်။ ကောင့်ဂျာယန်ထဲရောက်တော့ ကျနော် တို့တွေ ပိတ်ဆို့ပြီး တိုက်တာ စစ်ကြောင်းတစ်ခုလုံး ပြုတ်သွားတယ်။ တချို့က ခလရ ၄၇ တပ်ရင်းထဲကနေ ထွက်လာကြတာ၊ တချို့က စက်လှေအသေးတွေနဲ့ ထွက်လာကြတာ” ဟု ပြောသည်။

အဆိုပါ စစ်အုပ်စုတပ် စစ်ကြောင်းများသည် ဂျရီချောင်း (Jari Hka) ဘက် ရေလမ်းကြောင်း လုံခြုံရေးယူရန် စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ပြီး ကောင့်ဂျာယန်သို့ ဝင်ရောက်စဉ် KIA ပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှု ကြောင့် အင်အား ၁၀၀ ကျော် ထိခိုက်သေဆုံးခဲ့ကာ ကျန်ရှိသူအချို့မှာ ကံကြီးကျေးရွာဘက်သို့ ပြန်လည် ဆုတ် ခွာသွားခဲ့သည်။

စစ်အုပ်စုတပ်များ ထိုသို့ ကောင့်ဂျာယန်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းမှာ ဗန်းမော်မြို့သို့ ရောက်ရှိလာသည့် စစ်သင်္ဘောများနှင့် ဆက်စပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရွှေကူအထက်ပိုင်း စင်းခန်းကျေးရွာတစ်လျှောက် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံခဲ့ရသည့် စစ်အုပ်စု၏ စစ်သင်္ဘော ၁၄ စီးအနက် ၇ စီးခန့်မှာ စက်တင်ဘာလ ၄ ရက်တွင် ဗန်းမော်မြို့သို့ ရောက်ရှိသွားခဲ့ပြီးနောက် စစ်ရေးလှုပ်ရှားမှုများကို စတင်လာခြင်း ဖြစ်သည်။

အလားတူ ဗန်းမော်သို့ စစ်လက်နက်နှင့် ရိက္ခာများ ပို့ဆောင်ပြီးနောက် ဧရာဝတီမြစ်အတိုင်း ရွှေကူဘက်သို့ ပြန်လည်စုန်ဆင်းလာသည့် စစ်သင်္ဘောအချို့ကိုလည်း KIA ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း စစ်သင်္ဘော ၅ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်တွင် ဗန်းမော်မှ စုန်ဆင်းလာသည့် စစ်သင်္ဘော ၆ စီးကို စာဝတီနှင့် မြလယ်ရွာကြား၌ စောင့်ကြိုတိုက်ခိုက်ခဲ့သဖြင့် ၄ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် စက်တင်ဘာလ ၁၄ ရက်တွင်လည်း ထပ်မံစုန်ဆင်းလာသည့် စစ်သင်္ဘောတစ်စီးကို ဇင်းဘုံရွာအနီးအရောက်၌ KIA ပူးပေါင်းတပ်များက ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

စစ်သင်္ဘော ပစ်ခတ်ခံရသည့် အခြေအနေနှင့် ပတ်သက်၍ KIA ရှေ့တန်း သတင်းရင်းမြစ်က “မနေ့က ကျော် တက်သွားနိုင်တဲ့ စစ်သင်္ဘောတွေဖြစ်တယ်။ ဇင်းဘုံအရောက်မှာ ပြန်ပြီး ပစ်ခတ်ခံရတာ။ ဒီမနက် တစ်စီးထပ် ပစ်ခတ်ခံရတယ်။ အဲဒီထဲမှာ ဗျူဟာမှူးတစ်ဦးလည်း ပါတယ်လို့ ကြားတယ်။ လူချိန်းဖို့ ပါလာတာ။ ပြီးရင် ဗန်းမော်မှာ နှစ်ရှည်ရှိနေတဲ့ တပ်သားတချို့လည်း စစ်သင်္ဘောမှာ ပါလာတယ်လို့ ပြောတယ်။ စီးလာတဲ့သင်္ဘော ပစ်ခတ်ခံရတော့ သေတဲ့သူတွေက ရေထဲခုန်ချတဲ့သူတွေက ခုန်ချ၊ ဖမ်းဆီးခံရတဲ့သူတွေလည်းပါတယ်” ဟု ပြော သည်။

ဇင်းဘုံကျေးရွာအနီး ပစ်ခတ်ခံရသည့် စစ်သင်္ဘောပေါ်တွင် ဗန်းမော်၌ နှစ်ရှည်တာဝန်ထမ်းဆောင်နေသည့် စစ်အုပ်စုတပ်သားအချို့ကို တပ်ချိန်းရန် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးသူ များပြားခဲ့သည်။

ဩဂုတ်လ ၂၁ ရက်မှစတင်၍ မန္တလေးမှ ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘောများသည် ဧရာဝတီမြစ် ကြောင်းတစ်လျှောက်၊ အထူးသဖြင့် ရွှေကူအထက်ပိုင်းတွင် KIA ပူးပေါင်းတပ်များ၏ ပြင်းထန်စွာ တိုက်ခိုက်မှု ကို ခံခဲ့ရသဖြင့် လက်ရှိအချိန်အထိ ပစ်ခတ်ခံရသည့် စစ်သင်္ဘော စုစုပေါင်း အစီး ၂၀ ဝန်းကျင် ရှိလာပြီဖြစ် ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...
မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကို ဆက်သွယ်ထားသည့် ဗလမင်းထင်တံတား မြင်ကွင်း။
September 12, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့သို့ အခြေခံ စားသောက်ကုန်များ ဝင်ရောက်ရာ ဗလမင်းထင်တံတားမှ ကုန်ပစ္စည်း...
ရှေ့တန်းတစ်နေရာတွင် မြင်တွေ့ရသည့် KIA နှင့် PDF ပူးပေါင်းတပ်များ
September 11, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးဒေသတွင် စစ်အုပ်စုတပ်၊ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေး...