ခန္တီးတွင် တပ်သားသစ်စုဆောင်းခံရသူ ၅၀ ကျော်ကို ENDA ပြန်လွှတ်ပေး

ခန္တီးတွင် တပ်သားသစ်စုဆောင်းခံရသူ ၅၀ ကျော်ကို ENDA ပြန်လွှတ်ပေး
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန် ဖမ်းဆီးထိန်းသိမ်းထားသူများအနက် ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ENDA တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ခန္တီးမြို့နယ် မှန်ပင်ကျေးရွာ၊ ရွှေမြင့်မိုရ်ကျေးရွာနှင့် အနီးတဝိုက်မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂၀ ခန့်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ လွတ်သင့်လွတ်ထိုက်သူ ၅၀ ကျော်ကို စိစစ်ကာ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ပြန်လွတ်ပေးသင့်တဲ့သူတွေ၊ လွတ်သင့်လွတ်ထိုက်တဲ့သူတွေ အားလုံးကိုတော့ ပြန်လွတ်ပေးလိုက်တာ ကြာပြီ ဗျ။ ဘယ်လိုလူတွေလဲဆိုတော့ ကျန်းမာရေး မကောင်းတဲ့သူတွေ၊ မိဘကို အမှန်တကယ် လုပ်ကျွေးနေတဲ့ သူတွေကို သေချာစိစစ်ပြီး ပြန်လွတ်ပေးလိုက်ပါပြီ” ဟု ENDA တာဝန်ရှိသူက ပြောသည်။

ပြန်လွှတ်ပေးထားသူများတွင် ကျန်းမာရေးမကောင်းသူများနှင့် မိဘကို ပြုစုစောင့်ရှောက်နေသူများ ပါဝင်ပြီး ကျန်ရှိနေသူများကိုမူ တပ်ဖွဲ့၏ မူဝါဒအတိုင်း ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်ရာ ပြန်လွှတ်ပေးမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကျန်းမာရေး ကောင်းမွန်တဲ့သူတွေ၊ အိမ်မှာလည်း ကိုယ့်မိသားစု၊ မိဘနှစ်ပါးကို ကြည့်ရှုစောင့်ရှောက်တဲ့သူတွေ ရှိတဲ့သူတွေကိုတော့ ပြန်မလွတ်ပေးဘူးဗျ။ ဘာလို့ဆို နိုင်ငံရဲ့ သမိုင်းပေးတာကိုတော့ အားလုံးက ပခုံးပြောင်း တာဝန် ထမ်းဆောင်ရမှာပဲ။ အခုကျန်တဲ့သူတွေကိုတော့ ပြန်မလွတ်ဘူးဗျ” ဟု ENDA တာဝန်ရှိသူက ပြော သည်။

ထို့ပြင် ဖမ်းဆီးထားသူအချို့ကို ငွေကျပ်သိန်းရာချီဖြင့် ပြန်လည်ရွေးယူခိုင်းနေကြောင်း သတင်းဌာနအချို့၏ ဖော်ပြချက်များအပေါ် ENDA ဘက်က ငြင်းဆိုသည်။

မြေပြင်အခြေအနေကို အသေးစိတ်အတည်မပြုဘဲ ရေးသားနေကြခြင်းဖြစ်ပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်းသည့် ဖြစ်စဉ် လုံးဝမရှိကြောင်းလည်း ရှင်းပြသည်။

“ကျနော်တို့ ENDA က ဒါမျိုး ငွေနဲ့ပြန်ရွေးခိုင်းတာမျိုး လုံးဝမရှိပါဘူး။ ကျနော်တို့ ပြန်လွတ်ပေးသင့်လို့ လွတ်ပေးလိုက်တဲ့ သူတွေကိုတောင် လမ်းစရိတ်ထည့်ပေးပြီး ပြန်လွတ်ပေးတာပါ” ဟု ၎င်းက ဆက် ပြော သည်။

ခန္တီးမြို့ခံ နာဂအမျိုးသားရေးလှုပ်ရှားသူ နာဂလူငယ်တစ်ဦးကလည်း ဖမ်းဆီးခံရသူအချို့ ပြန်လွတ်လာကြောင်း လွန်ခဲ့သည့် တစ်ပတ်၊ နှစ်ပတ်ခန့်မှစ၍ ကြားသိရသော်လည်း ငွေကြေးဖြင့် ပြန်ရွေးယူခိုင်းသည့် သတင်းကိုမူ မကြားမိကြောင်း KNG သို့ ပြောသည်။

စစ်တပ်က ထိန်းချုပ်ထားသည့် ခန္တီးဒေသတွင် ENDA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုရှိသကဲ့သို့ လက်ရှိ စစ်တပ်နှင့် နားလည်မှုယူထားသည့် NSCN-K (အန်းမိုင်း) တပ်ဖွဲ့များလည်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။

NSCN-K (အန်းမိုင်း) တပ်ဖွဲ့အနေဖြင့် လူငယ်များကို တပ်သားသစ်အဖြစ် ဖမ်းဆီးခြင်း မရှိသေးသော်လည်း စစ်တပ်ကမူ ၂၀၂၅ ခုနှစ်မှစ၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ခန္တီးဒေသခံ အမျိုးသမီးတစ်ဦးက “ENDA ဘက်ကတော့ ဟိုတလော တစ်ခေါက်ဝင်ဖမ်းတယ်။ အဲ့ဒါပဲ ကြား မိသေးတယ်။ အဆိုးဆုံးကတော့ စကစတွေပဲ သူတို့ကတော့ ၂၀၂၅ ကတည်းက ဖမ်းနေတာ။ လူငယ်တွေ ဘယ်မှ သွားလာလို့ မရဘူး။ အခုနောက်ပိုင်းလူငယ်တွေ ခရီးသွားလို့ ခက်လာတယ်။ တောတောင်တွေထဲ တိမ်းရှောင် တာတွေလည်း ရှိတယ်" ဟု ပြောသည်။

အရှေ့နာဂအမျိုးသားအဖွဲ့ချုပ် (ENNO) / အရှေ့နာဂအမျိုးသား ကာကွယ်ရေးတပ် (ENDA) သည် စစ်အာဏာသိမ်းပြီး နောက် ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အရှေ့နာဂပြည်သူများ လွတ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ ကချင်ပြည်နယ် တနိုင်း၊ ဖားကန့် နှင့် စစ်ကိုင်းတိုင်း ခန္တီးဘက်တို့တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်။

စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...