စင်းခန်းတံတားတစ်ဝိုက် စစ်ရေးတင်းမာ၊ ဒေသခံများ စစ်ဘေးရှောင်နေရ

စင်းခန်းတံတားတစ်ဝိုက် စစ်ရေးတင်းမာ၊ ဒေသခံများ စစ်ဘေးရှောင်နေရ
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd

ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ဗန်းမော်မြို့ဘက်မှ မံစီဘက်သို့ ထွက်ခွာလာသည့် စစ်အုပ်စုတပ် စစ်ကြောင်း တစ်ကြောင်းသည် ကောင့်ဂျာယန်ရွာအနီးတွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင် ခဲ့ရသည်။

အဆိုပါ စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော် ပါဝင်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဘက်မှ ထိခိုက်သေဆုံး သူများနှင့် လက်နက်ချသူများ ရှိသကဲ့သို့ အချို့လည်း ထွက်ပြေးသွားကြောင်း KIA ဘက်က ပြောဆိုထားသည်။

ကောင့်ဂျာယန်ဘက်သို့ ထွက်ခွာသွားသည့် စစ်ကြောင်းများသည် ဗန်းမော်မြို့တွင်းရှိ တပ်ဖွဲ့ဝင်များထဲမှ အင်အား ကို ပြန်လည်စုစည်း၍ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကောင့်ဂျာယန်တိုက်ပွဲ နောက်ပိုင်းမှာကတော့ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်တာမရှိဘူး။ ကောင့်ဂျာယန်ဘက်ကို တက်သွားတဲ့ စစ်ကြောင်းတွေကတော့ ဗန်းမော်မှာရှိတဲ့တပ်တွေထဲက ဟိုနှုတ်ဒီနှုတ်ပေါ့ ထုတ်နုတ်ပြီးမှပေါင်းလိုက်တဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ ၁၀၀ နည်းနည်းကျော်မှာပါ။”

ဗန်းမော်မြို့ဘက်တွင် စစ်အုပ်စုတပ်က အင်အားဖြည့်တင်း၍ ထိုးစစ်ဆင်နေသော်လည်း ရှေ့တန်းတွင် ပါဝင် သည့် စစ်သားအများစုမှာ အတွေ့အကြုံနည်းသည့် တပ်သားများဖြစ်သဖြင့် တော်လှန်ရေးတပ်များဘက်က စစ်ရေးအရ အသာစီးရနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

လက်ရှိ ဗန်းမော်နှင့် မံစီအကြား စစ်အုပ်စုတပ်က အဓိကလမ်းကြောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း နေပြီး KIA နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း အဆိုပါ လမ်းကြောင်းတစ်လျှောက်တွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားနိုင်သည့် နေရာများမှာ ဗန်းမော်၊ စင်းခန်းနှင့် ဇင်းဘုံတစ်ဝိုက် ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“တိုက်ပွဲ ခဏခဏဖြစ်တဲ့ အချိန်မရွေးဖြစ်နိုင်တဲ့ နေရာကတော့ ဇင်းဘုံတို့ စင်းခန်းတို့ နောက် ဗန်းမော်ပေါ့ အဲ့ဒီတကြော ဖြစ်ပါတယ်။”

တစ်ဖက်တွင် စစ်ရေးအခြေအနေကြောင့် ဧရာဝတီမြစ်ကြောင်းနှင့် ကားလမ်းတစ်လျှောက် နေထိုင်သည့် ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို စိုးရိမ်နေရပြီး နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ကောင်းတုံကျေးရွာကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

“နောက်ဆုံးကတော့ ကောင်းတုံဆိုတဲ့ ရွာဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့မနက်ပိုင်းမှာ Y 12 နဲ့ဗုံးကြဲလို့ အိမ်ခြေ ၁၀ ကျော် မီးလောင်သွားတာ။ ဒါကတော့ ပြည်သူတွေရဲ့အိုးအိမ်တွေတိုက်ခိုက်ခံရတာနောက်ဆုံးဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ အဲ့ဒီမြစ်ရိုးတကြောမှာရှိနေတဲ့ ကားလမ်းတကြောမှာရှိနေတဲ့ ပြည်သူလူထုတွေက တော့ ကိုယ့်အိမ်ကိုယ်ရွာမှာ အေးအေး ဆေးဆေးတော့နေလို့မရဘူး။ လေကြောင်းတွေကိုလည်း အမြဲတမ်း ကြောက်ရတာ ဆိုတော့ ကျီးလန့်စာစားလို့ပြောရမှာ ပေါ့နော်။”

ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း စစ်ရေးတင်းမာမှု ဆက်လက်ရှိနေသဖြင့် ဒေသခံအချို့သည် လုံခြုံသည့် နေရာ များသို့ ရွှေ့ပြောင်းနေကြရပြီး တိုက်ပွဲဖြစ်ပွားနိုင်သည့် နေရာများနှင့် ဝေးကွာစွာ နေထိုင်နိုင်ရန် ကြိုးပမ်းနေကြ သည်။

Most read this week

မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...
ကချင်ပြည်၊ ပူတာအိုမြို့နယ်ရှိ ပူတာအို လေယာဉ်ကွင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်နယ်၊ ပူတာအို - မြစ်ကြီးနား ကားလမ်းပိုင်းတွင် စစ်အုပ်စုတပ်က ခရီးသွားပြည်သူများအပေါ် တား...
မြစ်ကြီးနားမြို့နယ် သစ်သျှူးငှက်ပျောခြံအတွင်း သေနတ်ထိမှန် သေဆုံးခဲ့သည့် တရုတ်အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရစဉ်။ / Crd
September 17, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ပရဟိတ လူမှုကူညီရေးအသင်းများကို ရဲအရေးပိုင် မှုခင်းများနှင့်...