ပူတာအိုတွင် လူငယ်များကို စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ လိုက်လံဖမ်းဆီး

ပူတာအိုတွင် လူငယ်များကို စစ်အုပ်စုတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ လိုက်လံဖမ်းဆီး
စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd

ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ က လူငယ် ၁၅၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် တန်ဂူးတန်ပြည်သူ့စစ်နှင့် နီးစပ်သူများထံမှ သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ ပူတာအို၊ မချမ်းဘော့နှင့် ခေါင်လန်ဖူးမြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများနှင့် ရွှေမှော်များအတွင်းရှိ လူငယ်များကို ညဘက်တွင် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်အထိ လူငယ် ၁၅၀ ကျော်ခန့် ဖမ်းဆီးခံထားရသည်။

တန်ဂူးတန်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကိုယ်တိုင်တွေ့ခဲ့တယ် အယောက် ၁၅၀ လောက်တော့ရှိမယ်။ မနေ့ (စက်တင်ဘာ ၁၈) က တွေ့ခဲ့တာ။ တန်ဂူးတန်ဌာနချုပ်မှာ ဖမ်းထားတယ်။ အားလုံးကို ဂတုံးတုံးထားတယ်။ အောက်ပိုင်းပို့မယ်တဲ့။ လေယာဉ်နဲ့ ဒေသက ကလေးတွေပဲ အားလုံးက” ဟု ပြောသည်။

ဖမ်းဆီးခံရသူများတွင် ပူတာအိုမြို့ပေါ် ရပ်ကွက်များအပြင် ခင်ဖန်၊ ဂျူဗလီ၊ လယ်မယ်ဝါဂျီ၊ မုဒုံ စသည့် မြို့အနီး ကျေးရွာများမှ လူငယ်များ၊ မချမ်းဘော့မြို့ပေါ်မှ လူငယ်များနှင့် ဆင်လုံဒမ်း၊ နမ့်ခမ်း၊ နမ့်စဘွမ်ဘက်ရှိ ရွှေမှော် များတွင် အလုပ်လုပ်နေသည့် လူငယ်များ ပါဝင်သည်။

မချမ်းဘော့မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ရွှေမှော်များတွင် ညအိပ်နေသည့် လူငယ်များကို တဲအတွင်းအထိ ဝင်ရောက်ဖမ်းဆီးမှုများရှိကြောင်း ဆိုသည်။

၎င်းက “ဒီမှော်ဘက်ဆို အိမ်ထဲ၊ တဲထဲထိ ဝင်ဖမ်းတာ တော်တော်များများ ပါသွားတယ်။ သားရဲ့သူငယ်ချင်းတွေ လည်း ပါသွားတယ်” ဟု ပြောသည်။

ထို့ပြင် စက်တင်ဘာလ ၁၉ ရက်ညကလည်း ကောင်ကထောင်ရပ်ကွက်၌ Starlink Wi-Fi သွားရောက် အသုံးပြု သည့် လူငယ်များအပါအဝင် ညဘက်အပြင်ထွက်သည့် လူငယ် ၁၅ ဦး ဖမ်းဆီးခံရပြီး အသက်မပြည့်သေးသည့် လူငယ်တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်။

ထိုညမှာပင် သုတ္တန်ရပ်ကွက်မှ ငါးမျှားရန် ထွက်သွားသည့် လူငယ်နှစ်ဦးလည်း အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးလျက်ရှိသည်။

အဆိုပါ ဖမ်းဆီးမှုများကို ပူတာအိုအခြေစိုက် ခလရ (၄၆) တပ်၊ မချမ်းဘော့အခြေစိုက် ခလရ (၁၃၇) တပ်နှင့် တန်ဂူးတန် ပြည်သူ့စစ်ပူးပေါင်းတပ်များက လုပ်ဆောင်နေခြင်းဖြစ်သည်။

မြို့ပေါ်တွင် ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သည့် အသက် ၁၅ နှစ်မှ ၃၀ နှစ်ကြား လူငယ်များကို စစ်ဘက် သုံးကားများဖြင့် လိုက်လံဖမ်းဆီးပြီး ကျေးရွာနှင့် ရွှေမှော်များတွင်မူ နယ်ထိန်းရဲနှင့် ပြည်သူ့စစ်များက အိမ်စီးကားများဖြင့် လိုက်လံဖမ်းဆီးနေကြသည်။

ဖမ်းဆီးထားသည့် လူငယ်များကို ပူတာအိုမြို့၊ ဂျူဗလီရပ်ကွက်ရှိ တန်ဂူးတန်ပြည်သူ့စစ်စခန်းနှင့် ခလရ (၄၆) တပ်ဝင်းအတွင်း ထိန်းသိမ်းထားကာ မိသားစုများနှင့် ဆက်သွယ်ခွင့် ဖြတ်တောက်ထားသည်။

ပူတာအိုဒေသတွင် ယခင်က စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူခြင်းနှင့် တပ်သားသစ်တောင်းယူခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ညဘက်တွင် လိုက်လံဖမ်းဆီးသည့်ဖြစ်စဉ်မှာ ပထမဦးဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စစ်အုပ်စုတပ်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် သင်တန်းတစ်ပတ်စဉ်လျှင် သင်တန်း သား ၅,၀၀၀ ခန့် စုဆောင်းနေခြင်းဖြစ်သည်။ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂၈ ကို စတင်ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် ၁ မှ ၂၇ အထိ တပ်သားသစ် ၁၃၅,၀၀၀ ဝန်းကျင် စုဆောင်းခဲ့ပြီးဖြစ်သည်။

Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...