အကျဉ်းထောင် ၁၃ ခု၌ မတရား ငွေကောက်ခံပြီး ဆေးဝါးပေးပို့မှု စစ်အုပ်စု ပိတ်ပင်

အကျဉ်းထောင် ၁၃ ခု၌ မတရား ငွေကောက်ခံပြီး ဆေးဝါးပေးပို့မှု စစ်အုပ်စု ပိတ်ပင်

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ ပေးပို့သည့် ငွေကြေးနှင့် ပစ္စည်းများအပေါ် အကျဉ်းထောင်ဝန်ထမ်းများက မတရား ငွေကြေးကောက်ခံနေသည့်အပြင် ဆေးဝါးပေးပို့မှုကိုပါ ပိတ်ပင်ကန့်သတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

PPNM ၏ စုဆောင်းရရှိထားသော မှတ်တမ်းများအရ ပြီးခဲ့သည့် မေလမှ ဩဂုတ်လအထိ စစ်အုပ်စု လက် အောက်ခံ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ငွေကြေးပေးပို့ရာတွင် ငွေပမာဏအပေါ် မူတည်၍ ၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ယူနေခြင်း ဖြစ်သည်။

ထိုအထဲတွင် မန္တလေး အိုးဘို၊ မိတ္ထီလာနှင့် တောင်ငူအကျဉ်းထောင်တို့၌ ပိုမိုဆိုးရွားနေကြောင်း PPNM က ထုတ် ပြန်ထားသည်။

ထို့ပြင် ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနှင့် ပေါင်းတည်အကျဉ်းထောင်တို့တွင်လည်း ထောင်ဝင်စာ ပါဆယ် ပေးပို့ရာ၌ သတ်မှတ်ထားသည့် ပါဆယ်အိတ်များကို ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ မဖြစ်မနေ ဝယ်ယူ ခိုင်းနေသည်။

ငွေရပြေစာဖိုးနှင့် စာရွက်စာတမ်းကြေးအဖြစ် ငွေကြေးကောက်ခံရာတွင်လည်း ကျပ် ၅၀၀ မှ ၁၅,၀၀၀ အထိ မိသားစုဝင်များဘက်က ပေးဆောင်နေရသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် ဆေးဝါးပေးပို့မှုများကို လည်း ကန့်သတ်ထားသဖြင့် အိုးဘိုအကျဉ်းထောင်တွင် ဆေးပါဆယ်များ ရောက်ရှိရန် အချိန်ကြန့်ကြာလျက် ရှိသည်။

ဒိုက်ဦး၊ မိတ္ထီလာနှင့် မြစ်ကြီးနားအကျဉ်းထောင်တို့တွင်လည်း လိုအပ်သည့် ဆေးဝါးများ သွင်းယူခွင့်ကို အကျဉ်း ထောင်ဝန်ထမ်းများက လုံးဝ ပိတ်ပင်ထားသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက “ငြိမ်းချမ်းရေးနဲ့ နိုင်ငံ‌ရေးဆွေးနွေးမှုဆိုပြီး ပြောနေချိန်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ဆက်လက်ဖိနှိပ်နေမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ငြိမ်းချမ်းရေးတစ်ခုကိုပဲ အာရုံမစိုက်ပဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေကိုလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပေးဖို့ လိုပါတယ်” ဟု ပြောသည်။

အဆိုပါ မတရား ငွေကြေးကောက်ခံခြင်းနှင့် ဆေးဝါးပေးပို့မှု ပိတ်ပင်ထားသည့် အကျဉ်းထောင် ၁၃ ခု၏ အသေး စိတ် အချက်အလက်များအပြင် ယင်းလုပ်ရပ်များတွင် တိုက်ရိုက်တာဝန်ရှိသည့် ထောင်အာဏာပိုင် (ထောင်ပိုင်) များ၏ စာရင်းကိုလည်း နောက်ဆက်တွဲအဖြစ် PPNM က ပူးတွဲ ထုတ်ပြန်ထားသည်။

ထို့အတူ စစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များ ကျူးလွန်နေသည့် မတရား ဖိနှိပ်မှုများကို ပြင်းထန်စွာ ထောက်ပြကန့်ကွက်ထားပြီး ဖြစ်စဉ် အချက်အလက်များကို ဆက်လက် မှတ်တမ်းတင် ထုတ်ဖော်သွားမည့် အပြင် ကျန်ရှိနေသေးသည့် အကျဉ်းထောင်များကိုပါ ဆက်လက် စောင့်ကြည့် မှတ်တမ်းယူနေသည်။

စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးကြောင့် အကျဉ်းချခံထားရသူများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် စနစ်တကျ ဖိနှိပ်မှုများကို ဆက်တိုက် ရင် ဆိုင်နေရကြောင်း အကျဉ်းထောင်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောဆိုထားသည်။

ဓာတ်ပုံ - AAPP

ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...
ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...