မွန်ပြည်နယ်၌ ပေါ်တာဆွဲမည်ကို စိုးရိမ်၍ ညဘက် သွားလာသူ နည်းပါး

မွန်ပြည်နယ်၌ ပေါ်တာဆွဲမည်ကို စိုးရိမ်၍ ညဘက် သွားလာသူ နည်းပါး

မွန်ပြည်အတွင်းရှိ မြို့ပေါ်နှင့် ကျေးရွာများတွင် စစ်အုပ်စုတပ်က ပေါ်တာဆွဲမည်ကို စိုးရိမ်နေရသဖြင့် ဒေသခံများ ညဘက် အပြင်ထွက် သွားလာသူ နည်းပါးပြီး လမ်းမများပေါ် တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။

ညမထွက်ရအမိန့် သတ်မှတ်ထားသည့် အချိန်မတိုင်မီပင် စစ်အုပ်စုတပ်နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက မော် တော်ယာဉ်များဖြင့် လှည့်လည်သွားလာနေပြီး လူငယ်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိနေကြောင်း ပေါင်မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “ရဲကားတွေက ၅ စီးလောက်တန်းစီပြီး လှည့်နေတယ်။ ၁၁ နောက်ပိုင်းဆို တွေ့ရင် ဖမ်းပေါ့၊ တစ်ပတ် လောက်ရှိပြီ၊ ဆိုင်တွေလည်းပိတ်ထားတယ်။ လက်ဖက်ရည်ဆိုင်ကအစပေါ့ လူငယ်မှမဟုတ်ဘူး ဘယ်သူမှ အပြင်မထွက်ရဲတော့ဘူး၊ ၇ နာရီလောက်ဆို တိတ်ဆိတ်ကုန်ပြီး၊ ဆိုင်ကယ်တွေရှင်းနေရော” ဟု ပြောသည်။

အလားတူ သံဖြူဇရပ်မြို့တွင်လည်း ယခင်က ည ၉ နာရီအထိ လမ်းသွားလမ်းလာရှိသော်လည်း ယခုရက်ပိုင်း အတွင်း ညဘက် မြို့ပေါ်အခြေအနေ ပိုမိုတိတ်ဆိတ်လာကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ပေါ် မုန့်ဆိုင်ဆို စောပိတ်တယ်။ လမ်းမှာလူရှင်းနေတာ သုံးလေးရက်ရှိပြီး၊ ၉ နာရီအထိတော့ လူတွေ့ နေရ သေးတယ်။ ခရီးသွားလာသူရော မတွေ့တော့ဘူး။ အရေးကြီးတောင် သိပ်မထွက်ရဲဘူး၊ ဒါက ရော်ဘာဖွင့်ချိန် မဟုတ်သေး အဲ့ချိန်ဆို ရော်ဘာအစီးခြစ်တာပဲ အဆွဲခံရမလား၊ ဆိုင်ကယ်ပဲလုခံရမလားပဲ ရဲတွေလည်း ယုံရတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် လူပြတ်သည့် လမ်းပိုင်းများတွင် နေ့ဘက် သွားလာရန်ပင် စိုးရိမ်နေရကြောင်း ကမာဝက်မြို့မှ ခြံလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက “အလုပ်သွားတာကအစ မသွားရဲဘူး။ ကျနော်တို့ဆို ခြံက မုဒုံ ၇ ခွေ ဘက်ဖြတ်ရတော့ ခြံရှင်းမြက်ခုတ်ဖို့ နေ့ဘက်ကအစမသွားရဲဘူး၊ လူပြတ်တဲ့လမ်းပိုင်းမလို့” ဟု ပြောသည်။

ရဲစခန်းနှင့် ဝေးသည့် နေရာများတွင် ပြည်သူ့စစ်အဖွဲ့များက ဖမ်းဆီးပြီး ငွေကြေးဖြင့် ညှိနှိုင်းကာ ပြန်လွှတ်လာသူ များ ရှိသလို စစ်မှုထမ်းကြေး ကောက်ခံစဉ် မပေးဆောင်သူများကို အုပ်ချုပ်ရေးမှူးထံ ပြန်လည် ရောင်းချမှုများ ရှိနေကြောင်းလည်း ပေါင်မြို့ခံက ဆိုသည်။

စစ်မှုထမ်း အင်အားပြည့်မီရေးအတွက် လူငယ်များကို ဖမ်းဆီးစုဆောင်းခြင်းနှင့် ဖမ်းဆီးမှုမှတစ်ဆင့် ငွေကြေး တောင်းခံနေသဖြင့် လူငယ်များ အသွားအလာ သတိရှိကြရန်နှင့် ညပိုင်း သွားလာခြင်း မပြုလုပ်ကြရန် သက်ဆိုင် ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုယ်တိုင် သတိပေး ပြောဆိုထားသည်။

မွန်ပြည် လွှတ်တော် အစည်းအဝေး၌ ပြည်သူ့စစ်မှုထမ်း ခေါ်ယူရာတွင် ဥပဒေအတိုင်း မဟုတ်ဘဲ လမ်းသွား လမ်းလာသူများကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံခြင်းများကို အရေးယူသွားမည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် နေ့က မွန်ပြည် စစ်အုပ်စုအဖွဲ့က ပြောကြားထားသော်လည်း လက်တွေ့ အရေးယူ ဆောင်ရွက်ခြင်း မရှိသည်ကို မြေပြင်တွင် မျက်ဝါးထင်ထင် မြင်တွေ့နေရကြောင်းလည်း ဒေသခံများက ထောက်ပြကြသည်။

ပြီးခဲ့သည့် မွန်ပြည်နယ် စစ်မှုထမ်းအပတ်စဉ် (၂) အတွက် လူငယ် ၂၂၂ ဦး စုဆောင်းခံထားရပြီး အများစုမှာ ဒေသန္တရအမိန့်များကို ဖောက်ဖျက်သည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများ သို့မဟုတ် အတင်းအဓမ္မ ပေါ်တာဆွဲခံရသူများ ပါဝင်နေသည်။

ဓာတ်ပုံ - သံဖြူဇရပ်ဂရု

September 14, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့်...
September 14, 2026
မွန်ပြည်၊ ကျိုက်မရော-မော်လမြိုင် လမ်းပိုင်း၌ ထိုင်းကုန်ပစ္စည်းများ တင်သွင်းလာသည့်...
September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...