မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မည်ဟု ရုရှားပြော

မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မည်ဟု ရုရှားပြော

ရုရှားနိုင်ငံအနေဖြင့် မြန်မာနှင့်အကြား စစ်ရေးနှင့် စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒားဖိုမင်က သြဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့ပါတယ်။

ရုရှား ဒုကာကွယ်ရေးဝန်ကြီးသည် မြန်မာအာဏာသိမ်းစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတစ်ခုအတွင်း အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“စစ်ရေးနဲ့ စစ်ဘက်နည်းပညာ ကဏ္ဍတွေအပါအဝင် ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထပ်မံအားကောင်း တိုးတက်စေဖို့ ကျွန်တော်တို့ လုပ်ဆောင်သွားပါမယ်၊ မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်နဲ့ အရှေ့တောင်အာရှဒေသမှာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကျ ယုံကြည်စိတ်ချရတဲ့ ပါတနာ ဖြစ်ပါတယ်၊ စိတ်မကောင်းစရာကတော့ မြန်မာနိုင်ငံက ပြည်တွင်း နိုင်ငံရေးအခြေအနေက အတော်လေး ဆိုးနေပါတယ်၊ ဒါ‌ပေမယ့် မြန်မာခေါင်းဆောင်ပိုင်းက တည်ငြိမ်မှုရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ရုရှား ဒု-ကာကွယ်ရေးဝန်ကြီး ဖိုမင်က ပြောသွားခဲ့သည်။

အလားတူ ရုရှား စစ်လက်နက်ပြပွဲ Army-2021 သို့ တက်ရောက်လာသည့် မြန်မာစစ်တပ် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားထုတ် အမျိုးအစားစုံလင်သည့် လက်နက်များကို မြင်ရနိုင်မည့် ထူးကဲသည့် အခွင့်အလမ်းတစ်ခု ရရှိလိမ့်မည်ဖြစ်ကြောင်း ဖိုမင်က ပြောခဲ့သည်။

“ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ် Army-2021 နဲ့ နိုင်ငံတကာ စစ်တပ်စွမ်းရည် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ခင်ဗျားတို့ကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်၊ ဒီအခမ်းအနားကို လာရောက်တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်၊ ခင်ဗျားအနေနဲ့ ဒီ ကျွန်တော်တို့ရဲ့ ပြပွဲမှာ ကိုယ်စားပြုတဲ့ အခြားနိုင်ငံတွေနဲ့ ရုရှား ထုတ်လုပ်သူတွေရဲ့ လက်နက်တွေနဲ့ စစ်ဘက်ပစ္စည်းတွေကို တွေ့မြင်ရမယ့် ထူးကဲအခွင့်အလမ်းတစ်ခု ရပါလိမ့်မယ်” ဟု ရုရှား ဒု-ကာကွယ်ရေးဝန်ကြီးက ပြောသွားခဲ့သည်ဟု သိရသည်။

“အစည်းအဝေးသည် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုများကို ဖြည်းဖြည်းမှန်မှန် ခိုင်မာအောင် တည်ဆောက်သွားရန် နှစ်ဘက်စလုံးက ဆုံးဖြတ်ထားကြောင်းကို ထပ်လောင်းအတည်ပြု ဆွေးနွေးခဲ့သည်” ဟု အစည်းအဝေးအပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...