ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပိုမိုစိပ်လာ

ရန်ကုန်နှင့် မန္တလေးတွင် စစ်မှုထမ်းရန် ဖမ်းဆီးမှုများ ပိုမိုစိပ်လာ
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)

ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုများ ပိုမိုစိပ်လာပြီး ရန်ကုန်မြို့တွင် အဆိုးရွားဆုံး ကြုံတွေ့နေရကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။

အထူးသဖြင့် ရန်ကုန်မြို့တွင် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း လူဦးရေ ၁၁၀ ကျော် ဖမ်းဆီးခံထားရပြီး ၎င်းတို့ အနက် ထက်ဝက်ခန့်မှာ လမ်းမပေါ်တွင် တွေ့ရှိသူများကို ရမ်းသန်းဖမ်းဆီးခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ ကင်းထောက်ကွန်ရက်အဖွဲ့ (Rangoon Scout Network-RSN) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ခု ဩဂုတ်လ တတိယပတ်လောက်ကစပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြန်များလာပါတယ်ဗျ။ ဇူလိုင်လတုန်း က စုစုပေါင်း အယောက် ၉၀ လောက် ဖမ်းခံရပြီး အဲ့ထဲက ၄၀ လောက်က လမ်းမပေါ် ရမ်းသန်းဆွဲခံခဲ့ကြရ တာပါ။ ခု ဩဂုတ်လမှာတော့ သိရတာ နည်းပါသေးတယ်။ တတိယပတ်လောက်မှ အသည်းအသန် လှုပ်ရှားလာ ကြပုံရပါတယ်။ ခုထိတော့ အယောက် ၂၀ ကျော်လောက် လမ်းမပေါ် ရမ်းသန်းဆွဲခံခဲ့ရတာ သိထားရပါတယ် ဗျ။”

စစ်မှုထမ်းရန် တပ်သားစုဆောင်းရာ၌ စစ်အုပ်စုတပ်သည် လမ်းမပေါ်တွင် မြင်တွေ့သမျှ လူများကို ဖမ်းဆီးခြင်း များ ရှိသကဲ့သို့ စစ်မှုထမ်းရန် စာရင်းသွင်းထားသူများကို နေအိမ်များအထိ လိုက်လံခေါ်ဆောင်မှုများလည်း ရှိကြောင်း RSN တာဝန်ရှိသူက ဆိုသည်။

ရန်ကုန်မြို့တွင် အင်းစိန်၊ တောင်ဒဂုံနှင့် သာကေတမြို့နယ်များ၌ ဖမ်းဆီးမှုများ အများဆုံး ဖြစ်ပေါ်နေသည်။

မန္တလေးမြို့တွင်မူ အိုးဝေယာဉ်မောင်းအချို့နှင့် ပျူစောထီးအဖွဲ့ဝင်များ ပူးပေါင်းကာ လူများကို ဖမ်းဆီးနေ ကြောင်း သိရပြီး ရန်ကုန်မြို့တွင် အငှားယာဉ် တက္ကစီသမားများနှင့် ကားကြီးကွင်းများ၌ ဖမ်းဆီးမှုများ ပိုမိုပြုလုပ် နေသည်။

မန္တလေးမြို့တွင် အဓိကအားဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများ ပူးပေါင်းကာ ဧည့်စာရင်း စစ်ဆေးရာမှတစ်ဆင့် ဖမ်းဆီးမှုများ ပိုမိုများပြားလာကြောင်း မန္တလေးမြို့ မြေပြင်ကင်းထောက်သတင်းအဖွဲ့ Voice Of Mandalay က ထုတ်ပြန်ထားသည်။

“ကျနော့် အစ်ကိုဆို အလုပ်လုပ်နေတာ။ ဧည့်စာရင်းဆိုပြီး လာစစ်ရင်း ပေါ်တာဆွဲခံလိုက်ရလို့ပါသွားပြီ။ သူက မန္တလေးမှာ ကျုံးနားနေတာ။ အခုကမန္တလေးမှာ နေရထိုင်ရ တော်တော်ကျပ်တယ်။ ဧည့်သည်မပြောနဲ့ မြို့ခံ တွေတောင် နေရထိုင်ရခက်တယ်။ တော်တော်လိုက်ဆွဲနေတာ နေ့တိုင်းလိုလိုပဲ။ ယောကျ်ားလေးဆို တွေ့တဲ့ နေရာ ဆွဲတာ” ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် မဟာအောင်မြေ၊ ပြည်ကြီးတံခွန်နှင့် ချမ်းအေးသာစံမြို့နယ်များ၌ တပ်သားစုဆောင်းရန် ဖမ်းဆီးမှုများ အများဆုံးဖြစ်နေသည်။

အလားတူ စစ်ကိုင်း-မန္တလေးအစပ် အမရပူရနယ်မြေရှိ စစ်ကိုင်း-မန္တလေးကားလမ်းနှင့် စစ်ကိုင်းတံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးကားအချို့ကိုလည်း ကားတား၍ လူများကို ဆွဲချ ဖမ်းဆီးခြင်းများ ရှိနေသည်။

ရခိုင်နှင့် ဧရာဝတီအပါအဝင် စစ်မျက်နှာများတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ အများအပြား သေဆုံးနေသည့် အခြေ အနေ၌ တပ်သားစုဆောင်းမှုများကို စစ်အုပ်စုတပ်က အင်တိုက်အားတိုက် ပြုလုပ်နေခြင်းဖြစ်သည်။

စစ်အုပ်စုတပ်အနေဖြင့် စစ်မှုထမ်းသင်တန်း တစ်ပတ်စဉ်လျှင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် ခေါ်ယူစုဆောင်းနေပြီး သတ်မှတ်ထားသည့် အရေအတွက်ပြည့်မီရေးအတွက် ဖမ်းဆီးမှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

ဖမ်းဆီးမှုများအပြင် နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးရာတွင် အလုပ်လုပ်ရန် ပြည်ပသို့သွားမည့် PJ (Passport for Job) ကိုင်ဆောင်သူများအပေါ် ကန့်သတ်ခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခြင်းများ ကိုလည်း ပြုလုပ်နေသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။

လက်ရှိတွင် စစ်အုပ်စုတပ်က အသက်သွင်းထားသည့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၈) အထိ ရောက်ရှိလာပြီဖြစ်သည်။

Most read this week

September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...