မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် လက်ရှိ တွင် ရေနံမှော်များ၏ အစပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။
“စစ်ကြောင်းက တဲကြီးရွာထဲကို ရောက်နေပါတယ်။ (Well 2) ရေနံမှော်အစပ်ကို ရောက်လာပြီပေါ့။ ဒီရေနံ မှော်ထဲကို ရောက်အောင်တော့ သူတို့ သွားမှာပဲဗျ။ လေကြောင်းပစ်ကူနဲ့ လေကြောင်းကနေ ရိက္ခာချပေးရင်းနဲ့ မဖြစ်ဖြစ်အောင် လုပ်မယ့်အခြေအနေပဲဗျ” ဟု မြိုင်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
အင်အား ရာနှင့်ချီ ပါဝင်သည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် ရေနံမှော်များ တည်ရှိရာ ဒေသများသို့ လေကြောင်း ပစ်ကူများဖြင့် စစ်ကြောင်းထိုးနေသည်မှာ အချိန် ၃ လကျော် မြင့်ခဲ့ပြီဖြစ်သည်။
အဆိုပါ စစ်ကြောင်းတွင် ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ရာချီ ပါဝင်သည်။
စစ်အုပ်စုတပ် စစ်ကြောင်းထိုးနေသည့် ရေနံမှော်ဒေသများကို ၂၀၂၄ ခုနှစ်အတွင်းက တော်လှန်ရေး အင်အားစု များက တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုတပ် စစ်ကြောင်းသည် မြိုင်မြို့နယ်အနောက်ပိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဝဲတူး (Well 2) ရေနံမှော်အစပ်ရှိ တဲကြီးကျေးရွာအတွင်း ရောက်ရှိနေပြီး ဩဂုတ်လ ၂၇ ရက်နေ့ (ယနေ့) တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ မရှိသေးပါ။
စစ်အုပ်စုတပ်၏ စစ်ကြောင်းကို အညာတမာစစ်ဆင်ရေး အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက် လျက်ရှိသည်။
ယမန်နေ့ ဩဂုတ်လ ၂၆ ရက်က တဲကြီးကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများကို စစ်အုပ်စုတပ်က Mi-35 နှင့် ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သဖြင့် ဒေသခံများ၏ နေအိမ် များ၊ စီးပွားရေးဆိုင်များနှင့် အဆောက်အအုံအချို့ ပျက်စီးခဲ့ရသည်။
စစ်အုပ်စုတပ် စစ်ကြောင်းထိုးလာမှုကြောင့် ရေနံမှော်လုပ်ငန်းများ ရပ်တန့်ထားရသဖြင့် ဒေသခံများ လုပ်ကိုင် စားသောက်ရေး အဆင်မပြေတော့သည့်အပြင် စစ်ကြောင်း၊ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကြောင်း ဖြတ်သန်းရာ လမ်းတစ်လျှောက်နှင့် အနီးအနား ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင်များမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲ များစွာဖြင့် ရင်ဆိုင်နေကြရသည်။
စစ်ကြောင်းထိုးသည့် ကာလအတွင်း စစ်အုပ်စုတပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၃၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၏ ဩဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန် ချက်အရ သိရသည်။
ဓာတ်ပုံ - (အညာမြေတပ်ပေါင်းစု / မြိုင်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားသည့် အပျက်အစီးများကို တွေ့ရစဉ် - ပုံဟောင်း)







