မန္တလေး အိုးဘိုထောင်၌ နိုင်ကျဉ်းများကို ညှဉ်းပန်းရိုက်နှက်ပြီး မိသားစုထံ ငွေကြေးလိမ်လည်တောင်းခံနေ

မန္တလေး အိုးဘိုထောင်၌ နိုင်ကျဉ်းများကို ညှဉ်းပန်းရိုက်နှက်ပြီး မိသားစုထံ ငွေကြေးလိမ်လည်တောင်းခံနေ

မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန် ထမ်းများက ရိုက်နှက်ညှဉ်းပန်းခြင်း၊ ဆေးကုသခွင့် မပေးခြင်းအပြင် မိသားစုများထံမှ ငွေကြေးလိမ်လည် တောင်းခံမှုများပါ ပြုလုပ်လျက်ရှိသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၄,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၎င်းတို့သည် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရ ကြောင်း နိုင်ငံ‌ရေးအကျဉ်းသားများတရားမျှတမှုကွန်ရက် (JNPP) ၏ ဩဂုတ်လ ၂၇ ရက် သတင်းထုတ်ပြန်ချက် က ဆိုသည်။

အကျဉ်းထောင်သို့ စတင်ရောက်ရှိချိန်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နှင့် ၅၀(ည) တို့ဖြင့် စွဲချက်တင်ခံထားရသူများကို တပ်ကြပ်ကြီးအဆင့်နှင့် အောက်ခြေဝန်ထမ်းများက ဝင်ရောက်ရိုက်နှက်ခြင်း၊ အမျိုးသမီးအကျဉ်းသူများကို တိုက်ပိတ်ချုပ်နှောင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

“နိုင်ကျဉ်း အမျိုးသမီးရော အမျိုးသားရောကို အကျဉ်းထောင်ထဲ ရောက်တာနဲ့ ပုဒ်မမေးတယ်။ ၅၂-က ကြီး၊ ၅၀-ည လို့ ပြောတာနဲ့ ဒါ အကြမ်းဖက်ထောက်ပံ့တာ၊ အကြမ်းဖက်တွေနဲ့ ဆက်စပ်နေတာဆိုပြီးတော့ နှိပ်စက် တာ၊ ညှဉ်းပန်းတာ၊ ရိုက်နှက်တာ၊ ပုံစံပေးတာတွေ မျိုးစုံလုပ်တယ်” ဟု JNPP တာဝန်ခံ မယုမိစံက ပြောသည်။

ထို့ပြင် ထောင်ဝန်ထမ်းအချို့သည် နိုင်ကျဉ်းမိသားစုများထံ ဖုန်းနှင့် Viber တို့မှတစ်ဆင့် ဆေးရုံပြပေးမည် သို့မဟုတ် ထောင်အတွင်း သက်သက်သာသာ ထားပေးမည်ဟု အကြောင်းပြကာ ငွေကျပ် သိန်းဂဏန်းအထိ လိမ်လည်တောင်းခံမှုများ ရှိနေသည်။

မိသားစုဝင်များက ငွေလွှဲပေးခဲ့သော်လည်း ထောင်ဝင်စာတွေ့ဆုံချိန်မှသာ အကျဉ်းသားများဘက်မှ မည်သည့် ငွေကြေးမျှ တောင်းခံခြင်းမရှိကြောင်း ပြန်လည်သိရှိရခြင်း ဖြစ်သည်။

ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းတွင်လည်း ရောဂါအခြေအနေမျိုးစုံအတွက် Diclo၊ Amoxicillin နှင့် Barmeton ကဲ့သို့ အကိုက်အခဲပျောက်ဆေးနှင့် ပဋိဇီဝဆေး အနည်းငယ်ကိုသာ ပေးဝေသဖြင့် ထောင်တွင်းရောက် နိုင်ငံရေးအကျဉ်းသား ဆရာဝန်များက အချင်းချင်း ဆေးဝါးအလှူခံ၍ ပြန်လည်ကုသ ပေးနေရကြောင်း ၎င်းက ရှင်းပြသည်။

ထိုကဲ့သို့ မိသားစုများထံမှ ငွေကြေးလိမ်လည်တောင်းခံမှုနှင့် ဆေးကုသခွင့် ပိတ်ပင်ခံရမှုများသည် အိုးဘိုထောင် တစ်ခုတည်းတွင်သာမက နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင်ပါ စနစ်တကျ ကျူးလွန်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထောက်ပြပြောဆိုသည်။

AAPP မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုအောင်မျိုးကျော်က “အိုးဘိုထောင်တစ်ခုထဲကို ကွက်ပြီးပြောလို့တော့ မရဘူးဗျ။ ထောင်တွေမှာ နိုင်ကျဉ်းမိသားစုဝင်ဆီကနေ နည်းလမ်း အမျိုးမျိုးသုံးပြီး ငွေကြေးလိမ်လည် တောင်း နေတာတွေ ရှိပါတယ်။ တချို့ထောင်တွေမှာဆိုရင် ဆေးရုံဆောင်မှာထားပေးမယ်၊ ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုပြီး တောင်းတာတွေရှိပါတယ်။ ဆေးရုံမှာနေရတဲ့အတွက် သက်သက်သာသာ နေရတယ်။ အဲဒီ အတွက် ပိုက်ဆံပေးကြတယ်ဆိုတာကတော့ နိုင်ကျဉ်းတွေအတွက် မသင့်တော်ပါဘူး” ဟု ပြောသည်။

ထို့ပြင် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို အကျဉ်းထောင်ဘက်မှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြီး မိသားစုဝင်များဘက်မှ ကုန်ကျခံရန် မလိုအပ်ကြောင်း ၎င်းက ဆက် ပြောသည်။

ကိုအောင်မျိုးကျော်က “ကျန်းမာရေးမကောင်းလို့ ဆေးရုံ ဆေးခန်းပြဖို့ လိုအပ်တဲ့အချိန်မှာ ထောင်ကနေ ပိုက် ဆံတောင်းတာတော့ လုံးဝမဖြစ်သင့်ပါဘူး။ ဒါပေမဲ့ ထောင်အများစုမှာ အဲဒီလိုကိစ္စတွေ ကြားနေရပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ မိသားစုဝင်တွေဆိုရင် ဆေးကုသခွင့်တောင် မရကြပါဘူး။ အချင်းချင်းပဲ ဝိုင်းဝန်း စောင့်ရှောက်ကြရတာပါ။ အဲလိုနဲ့ အသက်ပေးဆပ်လိုက်ရတဲ့ နိုင်ကျဉ်းတွေ မနည်းတော့ပါဘူး။ ဒီကိစ္စတွေက စစ်အုပ်စုရဲ့ လက်ပါးစေ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒီကျူးလွန်မှုတွေအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံး တူညီတဲ့ အပြစ်ပေးအရေးယူမှုကို ခံကြရမှာပါ” ဟု ပြောသည်။

ထို့ပြင် အိုးဘိုထောင်တွင်း အစားအသောက် ပေးဝေရာတွင်လည်း ထမင်းပျော့များနှင့် စပါးခွံပါသော ထမင်းများ ကို ပေးဝေခြင်း၊ ငလျင်လှုပ်ခတ်စဉ်က အဆောက်အအုံ အပေါ်ထပ် အက်ကွဲသွားသည့် အန္တရာယ်ရှိ အခြေအနေ ၌ပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း မရှိဘဲ ဆက်လက်ထားရှိခြင်းများ ကြုံတွေ့နေရသည်။

အဆိုပါ ထောင်တွင်း အချက်အလက်များနှင့် ပတ်သက်၍ ၂၀၂၆ ခုနှစ် ဧပြီလပိုင်းက ပြန်လည်လွတ်မြောက်လာ သည့် နိုင်ကျဉ်းများ၏ ကိုယ်တွေ့ထွက်ဆိုချက်များကို အဓိက အခြေခံ၍ စုံစမ်းစိစစ်ထားခြင်းဖြစ်ကြောင်း JNPP ဘက်က အတည်ပြုထားသည်။

ယခုကဲ့သို့ အကျဉ်းဦးစီး ဝန်ထမ်းများ၏ ဥပဒေမဲ့ ဖိနှိပ်မှုများနှင့် ငွေကြေးလိမ်လည်မှုများကို ပြည်တွင်းပြည်ပမှ သိရှိနိုင်ရန် စုံစမ်းထုတ်ဖော်ခြင်းဖြစ်ပြီး၊ နောင်တစ်ချိန်တွင် တာဝန်ရှိသူများကို ပြန်လည်အရေးယူနိုင်ရန် နိုင်ငံတကာနှင့် မဟာမိတ်အဖွဲ့အစည်းများထံ တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း JNPP က ဆိုသည်။

စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁,၈၃၈ ဦးရှိပြီး ထိုအထဲမှ ၁၄,၇၅၁ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရှိရသည်။

ဓာတ်ပုံ - (မန္တလေး အိုးဘိုအကျဉ်းထောင်ကို တွေ့ရစဉ် / Social Media)

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...