ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ၌ လုပ်ခ လစာနှင့် ဆုကြေးငွေ ဖြတ်တောက်ခံရမှုကြောင့် အလုပ်သမားရေးရာ ဌာနများသို့ သွားရောက်တိုင်ကြားခဲ့သည့် ဦးဆောင်သူ အလုပ်သမား ၁၂ ဦး အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဦးဆောင်သူ အလုပ်သမား ၃ ဦးကို လျော်ကြေးပေး၍ အလုပ်မှ ထုတ် ပယ်ခဲ့ပြီး နောက်တစ်ရက် (ဩဂုတ်လ ၂၅ ရက်) တွင် ကျန်ရှိသည့် အလုပ်သမား ၉ ဦးကို ထပ်မံထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
အလုပ်သမား ၁၂ ဦး အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းနှင့် ပတ်သက်၍ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ ချုပ်မြန်မာ (STUM) က ဩဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်သည်။
လုပ်သက် ၈ နှစ်ရှိသည့် အလုပ်သမားများသည် ဆုကြေးငွေ ဖြတ်တောက်ခံရသဖြင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန (အလရ) သို့ သွားရောက်တိုင်ကြားခဲ့ရာ အလုပ်ရှင်ဘက်က ရာထူးချပစ်ခဲ့ကြောင်း၊ ထိုသို့ ရာထူးချခံရသည့်အတွက် အလုပ်သမားဆက်ဆံရေးဦးစီးဌာန (အလဆ) သို့ ထပ်မံတိုင်ကြားခဲ့ရာမှ စက်ရုံ ဘက်က အလုပ်မှ ချက်ချင်းထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း STUM က အလုပ်သမားများကို ကိုးကား၍ ဖော်ပြ ထားသည်။
ထိုသို့ အလုပ်ထုတ်ပယ်မှုနှင့် ပတ်သက်၍ စက်ရုံဘက်က ဩဂုတ်လ ၂၅ ရက်နေ့ အလုပ်ထုတ်စာတွင် လုပ်သား အင်အား လျှော့ချရန် လိုအပ်သောကြောင့်ဟု အကြောင်းပြထားသည်။
STUM မှ တာဝန်ရှိသူတစ်ဦးက “၁၂ ဦးမှာ သုံးဦးကတော့ အလုပ်ထုတ်နစ်နာကြေး ပေးလိုက်ပြီ။ ကိုးဦးကတော့ အခုလက်ရှိမှာ ညှိနေပါတယ်။ ပထမသုံးဦးကတော့ သူဒီအတိုင်းပဲ မမျှော်လင့်ထားဘူးပေါ့နော် သူတို့တွေ၊ ချိန်း တာက ကိစ္စတခုချိန်းတာ၊ ဒါပေမဲ့ ဟိုရောက်တော့ အလုပ်ထုတ်ဖို့ ညှိတဲ့အခါကျတော့ သူတို့ အလုပ်ထုတ်နစ်နာ ကြေးကို ယူသွားတယ်ပေါ့” ဟု ပြောသည်။
အဆိုပါ တာဝန်ရှိသူက “အခုကျန်ခဲ့တဲ့ ကိုးယောက်မှာတော့ သုံးယောက်က သမဂ္ဂ EC တွေဖြစ်နေတယ်ပေါ့။ အဲ့ဒီတော့ အလုပ်ထုတ်နစ်နာကြေး ညှိလို့ရတယ်ဆိုရင်တောင် ကျမတို့က သမဂ္ဂဖြိုခွဲမှုနဲ့ တရားစွဲဖို့ အလညကို ဆက်ပြီးတော့ တိုင်စာပို့မှာပါ” ဟု ဆက် ပြောသည်။
လက်ရှိ အလုပ်ထုတ်ခံရသူ ၁၂ ဦးထဲတွင် စက်ရုံရှိ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အလုပ်အမှုဆောင် (EC) များ ပါဝင်သည်။
STUM တာဝန်ရှိသူက “အလုပ်သမားသမဂ္ဂတွေကို အလုပ်ဖြုတ်တာက ဘာလဲဆိုတော့ သူက သမဂ္ဂရှိလို့ တောင်းဆိုမှုတွေရှိတယ်။ ဒီလိုမျိုးယူဆတယ်ပေါ့နော်။ ဒါကြောင့်မလို့ သမဂ္ဂတွေကို ဖြုတ်လိုက်လို့ရှိရင် တောင်းဆိုမှုတွေ မရှိတော့ဘူးပေါ့။ ဥပမာ အခွင့်အရေးတွေ၊ Rights တွေ၊ နောက် တည်ဆဲဥပဒေတွေ ဆိုတာက အလုပ်သမားသမဂ္ဂတွေက ပိုသိနေတယ်။ အဲ့ဒီတော့ စက်ရုံထဲမှာ သမဂ္ဂ မရှိဘူးဆိုရင် ကျန်တဲ့လူတွေအတွက် ဖိနှိပ်မှုတွေက ပိုပြီးတော့များလာနိုင်တယ်” ဟု ပြောသည်။
ထို့ပြင် လျော်ကြေးပေး၍ အလုပ်ထုတ်၍ရသည်ဟုဆိုကာ ငွေကြေးပေးပြီး အလုပ်မှ ထုတ်ပယ်နေမှုများ၊ အထူး သဖြင့် သမဂ္ဂများကို အလုပ်မှ ထုတ်ပယ်နေမှုများကို ကန့်ကွက်ကြောင်းနှင့် ဥပဒေအရ မှားယွင်းသည့်အရာကို ထောက်ပြနိုင်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုသည်။
Spring Moon အထည်ချုပ်စက်ရုံသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့က အထွေထွေထောက်ပံ့ကြေး (ဒေးကြေး)၊ အချိန်ပိုကြေးနှင့် စံချိန်ပြည့်ကြေး အပါအဝင် အချက် ၄ ချက်ကို နှစ်ဖက်သဘောတူညီမှု ရရှိခဲ့သဖြင့် တောင်းဆိုခဲ့သည့် အလုပ်သမားများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသော်လည်း ရက်ပိုင်းအကြာတွင် တောင်းဆိုမှု ဦးဆောင်သူများ အလုပ်ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ကြောင်း STUM ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ - (STUM / Crd)







