မတ္တရာမြို့နယ်မှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့ ၂ ဦးသေ၊ ၃ ဦးအဖမ်းခံရ

မတ္တရာမြို့နယ်မှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လို့ ၂ ဦးသေ၊ ၃ ဦးအဖမ်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တံငါတောင်ရွာကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ဩဂုတ် ၂၀ ရက်၊ ည ၈ နာရီခန့်မှာ အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့ပြီး သုံးဦး အဖမ်းခံရတယ်လို့ သိရပါတယ်။

"ကား ဆယ်စီးလောက်နဲ့ဝင်လာတယ်။ ပစ်ပစ် ဝင်ဝင် ဝင်လာတာပဲ။ အဖမ်းခံရတာရော သေဆုံးတာရောရှိတယ်ဗျ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဟာ NLD ရပ်ကျေးဥက္ကဋ္ဌနေအိမ်နဲ့ အုတ်စက်တွေကိုလည်း ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေကတော့ CDM ရဲဝန်ထမ်းတစ်ဦးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးအပါအဝင် သုံးဦးဖြစ်တယ်လို့သိရပြီး နှစ်ဦးကျဆုံးခဲ့တာနဲ့ပတ်သက်လို့ မဇ္ဈိမအနေနဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

သေဆုံးခဲ့သူနှစ်ဦးဟာ ရွာခံတွေမဟုတ်ဘဲ လာရောက်တိမ်းရှောင်နေသူတွေလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

"ရွာကို စစ်ကြောင်းဝင်လာတယ်ဆိုတော့ တိမ်းရှောင်သူနှစ်ဦးက တံငါချောင်းဘက်ထွက်ပြေးတယ်။ အဲဒီဘက်ကို လိုက်ပစ်တာပဲ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က မဟုတ်မမှန် လူမှုကွန်ယက်စာမျက်နှာမှာ သတင်းလွှင့်နေတာတွေရှိနေပါတယ်။

PDF တွေရောက်နေတာ သတင်းရတဲ့အတွက် ဝင်ရောက်ရှာဖွေရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် PDF နှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးရမိတယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

"အခု သူတို့ဘက်က သတင်းဖြန့်နေတာတွေက လိမ်နေတာပါ။ အပြန်အလှန်ပစ်ခတ်တာမရှိပါဘူး။ PDFတွေလည်း မဟုတ်ပါဘူး။ ဘာလက်နက်မှလည်းမပါဘူး။ ရွာမှာ လာရှောင်နေသူတွေပါ။" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နောက်ထပ်ဒေသခံတစ်ဦးကလည်း "တကယ်က သေနတ်မှန်တဲ့ နှစ်ယောက်ကလည်း ဘာလက်နက်မှမပါဘူး။" လို့ ပြောပါတယ်။

သေဆုံးသူနှစ်ဦးကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က ယူဆောင်သွားပြီး ဖမ်းဆီးခံရသူတွေကိုလည်း ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ မတ္တရာမြို့နယ်အတွင်းမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့က စစ်ဆေးတာ၊ရှာဖွေတာတွ လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...