ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရန် အင်္ဂလိပ်စာ၊ မြန်မာစာနှင့် သချင်္ာဘာသာရပ်များအတွက် အရည်အချင်းစစ်စာမေးပွဲများကို မေလ ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ပြုလုပ်ခဲ့ပြီး ထူးချွန်သူများကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ အရည်အချင်း စစ်ဆေးပြီး နယ်မှ ၃ ဦးနှင့် မြို့ပေါ်မှ ၂ ဦးတို့ကို ရွေးချယ်ခဲ့ကြောင်း၊ နယ်မှ ကျောင်းသားများကို ရွေးချယ်ရာတွင် ပညာတော်ပြီး ငွေကြေးမတတ်နိုင်သူများကို ရွေးချယ်ခဲ့ပြီး တစ်ဦးလျှင် တစ်နှစ်အတွက် ၆ သိန်းကျပ်စီ ထောက်ပံ့ကြေးပေးအပ်ခြင်း ဖြစ်သည်ဟု သိရသည်။
ပညာသင်ထောက်ပ့ံကြေးရရှိသူများမှာ မောင်ထွန်းလင်းစိုး (ဘ ဦးအောင်လှမောင်) ရပ်ကွက် ၁ ပေါက်တောမြို့၊ မခင်မြတ်ဝေ (ဘ ဦးမောင်သန်းဝင်း) ရပ်ကွက် ၄ ၊ မောင်ဇော်မျိုးထွန်း (ဘ ဦးသာအောင်ဖြူ) ပေါက်တောမြို့နယ် မင်းဘာကျေးရွာ၊ မောင်ဟိန်းထက်အောင် (ဦးထက်အောင်) ကြိမ်ခွေမော် ကျေးရွာ၊ မောင်အောင်ဉာဏ်ဝင်း (ဘ ဦးထွန်းတင်ရွှေ) သပြေကန်ကျေးရွာတို့ ဖြစ်သည်။
“ပညာရေး ဖောင်ဒေးရှင်းကို ထူထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ပေါက်တောတစ်မြို့နယ်လုံးမှာ ရှိတဲ့ ပညာရေးနဲ့ ပတ်သက်ပြီး အကူအညီ အထောက်အပံ့ပေးနိုင်အောင်နဲ့ ပညာထူးချွန်ပြီး ဆင်းရဲတဲ့ ကလေးတွေကို ဦးစားပေးပြီး ထောက်ပံ့မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေဖြစ်ပါတယ်”ဟု ဆင်တက်မော် အထကမှ အထက်တန်းပြ ဆရာလည်းဖြစ် ဖောင်ဒေးရှင်း၏ စာမေးပွဲစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဇော်ဇော်ထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ပညာရေး ကဏ္ဍ၌ ကူညီထောက်ပံ့ပေးရာတွင်လည်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ထောက်ပံ့ပေးသည့် အသင်း အဖွဲ့အစည်း အများအပြားရှိနေ၍ ဖောင်ဒေးရှင်း အနေဖြင့် ၉ တန်း အောင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်မည့် ကလေးငယ်များကို ဦးစားပေး ထောက်ပံ့သွားမည်ဟု ဆိုသည်။
“ဒီလို ပညာသင်ထောက်ပံ့ကြေးပေးအပ်တာဟာ ကျွန်တော့်ဘဝအတွက် အလွန်တရာ အထောက်အကူ ဖြစ်ပါတယ်။ ကျွန်တော့် မိဘနှစ်ပါး မရှိဆင်းရဲ မွဲတေနေတဲ့ကြားက ကျွန်တော့်ကို ပညာသင်ပေးတာပါ။ အဲ့ဒါကြောင့် ကျွန်တော့်မိဘကို တစ်ပိုင်းတစ်စ ကူညီရာလည်း ရောက်ပါတယ်။ ကျွန်တော့်အတွက်လည်း အများကြီး အထောက်အပံ့ဖြစ်ပါတယ်”ဟု ပညာသင်ထောက်ပံ့ကြေးရရှိခဲ့သည့် ကြိမ်ခွေမော်ကျေးရွာမှ မောင်ဟိန်းထက်အောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
စာအုပ် စာပေ ၀ယ်ယူရန်၊ ကျောင်းလခပေးရန်အတွက် အထောက်အကူဖြစ်စေကြောင်း၊ ယင်းကြောင့် ပေါက်တောမြို့နယ် ပညာရေးဖောင်ဒေးရှင်းကို အလွန်ကျေးဇူးတင်ရှိသည်ဟု ဆိုသည်။
နယ်မှ မြို့ပေါ်တွင် သွားရောက်ပြီး ပညာသင်ကြားရသည့် ကျောင်းသားများအတွက် ၁ နှစ်လျှင် ၁၀ သိန်းကျပ်မှ ၁၁ သိန်းကျပ်ထိ ကုန်ကျကြောင်း၊ မိဘများ အနေဖြင့် ငွေကြေးမတတ်နိုင်သဖြင့် ပညာရေးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေးရရှိခဲ့သည့်အတွက် အထူးဝမ်းမြောက် ၀မ်းသာ ဖြစ်ရသည်ဟု ပြောကြားသည်။
“အခု ရွေးချယ်လိုက်တဲ့အထဲမှာဆိုရင် ကြိမ်ခွေမော် ကျေးရွာက မောင်ဟိန်းထက်အောင်ဆိုရင် ပညာထူးချွန်ပြီးတော့ အတွေးအခေါ်တွေလည်း မြင့်ပါတယ်။ သူ့မိဘကလည်း တော်တော်ဆင်းရဲပါတယ်။ အခု အဲ့ဒီလိုမျိုး ကလေးတွေ ပါ၀င်တဲ့ အတွက်ကြောင့်လည်း ဖောင်ဒေးရှင်း အနေနဲ့ ပိုပြီးတော့ ၀မ်းသာပီတိ ဖြစ်မိပါတယ်”ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
အဆိုပါ ဖောင်ဒေးရှင်းကို ၂၀၁၆ ခု နှစ်ဆန်းပိုင်းတွင် ဖွဲ့စည်းခဲ့ပြီး ဌာနဆိုင်ရာ ပေါင်းစုံမှ ၀န်ထမ်းများလည်း ပါ၀င်ကာ လစဉ်ကြေးအဖြစ် အဖွဲ့ဝင်တစ်ဦးစီမှ ၅၀၀-၁၀၀၀ ကျပ်ကျစီ ထည့်ဝင်ပြီး ရန်ပုံငွေ စုဆောင်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအကြိမ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းသည် ဖောင်ဒေးရှင်း တည်ထောင် ဖွဲ့စည်းပြီးနောက် ပထမဆုံးကြိမ်ဖြစ်ကြောင်း သိရှိရသည်။







