စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီက တရားစွဲထားသည့် ရာဇဝတ်မှုပုဒ်မ အမျိုးအစားအချို့တို့ဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ-နစက ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းပြီး တရားစွဲဆိုခံထားရသူအားလုံးကို အမှုမှ ချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
“တချို့ဆိုရင် အဲ့ဒီပုဒ်မနဲ့ အမှုရင်ဆိုင်ရပြီးတော့ တရားစွဲဆိုခံထားရတဲ့ အချုပ်မထုတ်ဘဲနဲ့ သက်ဆိုင်ရာအကျဉ်းထောင်မှာပဲ ချုပ်ခံထားရတာ အချုပ်ကာလက တစ်နှစ်ကျော်တဲ့သူတွေ အများကြီးပဲ။ အဲ့တော့ အမှုကို စစ်ဆေးခြင်းလည်းမရှိဘူး ဒီတိုင်းအချုပ်ခံထားရတဲ့သူတွေက တစ်နှစ်ကျော်ဆိုတော့ ကြိုတင်အပြစ်ပေးထားတဲ့သဘော သက်ရောက်နေတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
ပိတ်သိမ်းလိုက်သည့် အမှုများတွင် ရာဇသတ်ကြီး၊ သစ်တောဥပဒေ၊ လောင်းကစားဥပဒေ၊ ယစ်မျိုးအက်ဥပဒေ၊ ခြေချုပ်နဲ့ခံဝန်အက်ဥပဒေ၊ မူးယစ်ဥပဒေ၊ လက်နက်ဥပဒေ၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ၊ ရဲအက်ဥပဒေ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေပါ ပြစ်မှုတို့ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် “အားလုံးကိုတော့ လွှတ်ပေး အမှုပိတ်သိမ်းပေးတာမျိုးတော့ မရှိဘူး၊ သို့သော် အဲ့ဒီအထဲကမှ တော်တော်များများကိုတော့ အမှုပိတ်သိမ်းလိုက်တာဖြစ်တဲ့အတွက် ကောင်းတဲ့လက္ခဏာလို့ပဲပြောရမှာပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဖမ်းဆီးအရေးယူ တရားစွဲခံရတဲ့ အလားတူပုဒ်မနဲ့ စွဲဆိုခံထားရတဲ့ အမှုတွေကိုကျတော့ ပိတ်သိမ်းတဲ့အထဲမှာ အကြုံးမဝင်ဘူး” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

အဆိုပါအမှုများဖြင့် တရားစွဲဆိုခံထားရသူတို့သည် ကိုဗစ်-၁၉ စည်းကမ်းချက်များကြောင့် ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် ချုပ်ရက်ရှည်ကြာနေပြီး နိုင်ငံသားများအတွက် သက်ညှာစွာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အမိန့်ကို ထုန်ပြန်ခဲ့ကြောင်း ဆိုသည်။
အလားတူ အကျဥ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူ အကျဥ်းသား/သူ ၂၃၃၁၄ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းလျော့ပေါ့ချမ်းသာခွင့်ပေးလိုက်ကြောင်း နစကကောင်စီဥက္ကဌက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမိန့်ထုတ်ပြန်၍ လွှတ်ပေးခဲ့ပြီးဖြစ်သည်။







