ဖယ်ခုံ၌ စစ်အုပ်စု ပိတ်ပင်မှုနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် စစ်ရှောင်များ ဆေးဝါးမရရှိ

ဖယ်ခုံ၌ စစ်အုပ်စု ပိတ်ပင်မှုနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် စစ်ရှောင်များ ဆေးဝါးမရရှိ
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း ရှောင်နေသည့် စစ်ရှောင်များမှာ ယခု မိုးရာသီကာလအတွင်း ဖျားနာမှုများ ဖြစ်ပွားနေသော်လည်း စစ်အုပ်စုတပ် က ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် ကျန်းမာရေး အခက်အခဲများနှင့် ကြုံတွေ့နေကြရသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဖယ်ခုံမြို့နယ် ဘောရန်ကျေးရွာ၊ တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာ တို့မှ ဒေသခံများဖြစ်ကြပြီး စစ်အုပ်စုတပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလဝန်းကျင်မှစ၍ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

ယခု မိုးရာသီကာလတွင် ကလေးများနှင့် လူကြီးများအပါအဝင် စစ်ဘေးရှောင်များသည် ရာသီတုတ်ကွေး ဖျားနာ မှုများ ဖြစ်ပွားနေကြပြီး စစ်ရှောင်စခန်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင် ရှိသဖြင့် ဆေးဝါးရ ရှိရန် ရင်ဆိုင်နေရကြောင်း စစ်ရှောင်ကူညီနေသည့် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်ကူညီနေသူက “လမ်းပန်းဆက်သွယ်ရေးလည်း ခက်တော့ ဆေးဝါးရဖို့လည်း ခက်ခဲတယ်။ စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက် ဆိုရင် ဆေးတွေက အပြည့်အဝ မလုံလောက်ဘူး။ တော်လှန်ရေး ရဲဘော် တွေရဲ့ ဆေးတပ်သားတွေ လာကြည့်ပေးတာ တော့ရှိတယ်။ အပြည့်အဝတော့ မကူညီနိုင်ဘူး။ မိုးရာသီဆိုတော့ ရာသီတုတ်ကွေးဖြစ်တာ။ ဖျားတာတွေကလည်း ရှိတယ်။ ဒီရာသီမှာတော့ ကလေးလူကြီးကစပြီး နေမကောင်း တာများတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်များအတွက် တော်လှန်ရေးတပ်ဖွဲ့များမှ ဆေးတပ်သားများ လာရောက်ကြည့်ရှု ကုသပေးမှု ရှိသော်လည်း စစ်ဘေးရှောင်ဦးရေ များပြားသည့်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး အကူအညီများကို အပြည့်အဝ မပေးနိုင်သေးပေ။

ထို့ပြင် စစ်ဘေးရှောင်များ နေထိုင်ရာ လတိန်ကျေးရွာသို့ သွားလာရန် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် စစ်အုပ်စုတပ်ဘက်မှ ဆေးဝါးသယ်ယူခွင့် ပိတ်ပင်ထားမှုတို့ကြောင့် ဆေးဝါးများ ရောက်ရှိမလာကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ စစ်ရှောင်ကူညီသူက “ဆေးဝါးတွေကတော့ လိုအပ်တာရှိတယ်။ တုတ်ကွေး နဲ့ ငှက်ဖျားဆေးတွေပေါ့။ လမ်းသွားလာဖို့ ခက်ခဲတာအပြင် စစ်တပ်ကလည်း ဒီဘက်ကို ‌ဆေးဝါးပေးမသယ်တာလည်းပါတယ်” ဟု ပြောသည်။

ဘောရန်၊ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာတို့မှ ဒေသခံများသည် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့် ခွာခဲ့ရပြီး စစ်ဘေးရှောင်ကာလ ၁၁ လနီးပါး ကြာမြင့်လာသော်လည်း လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ လတိန်ကျေးရွာတွင် နေထိုင်နေသည့် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၆၀၀ ထက်မနည်း ရှိသည်။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တကြောတွင် စစ်အုပ်စုတပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲ များကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစ၍ ကျေးရွာ ၁၀ ရွာခန့်မှ စစ်ရှောင် ၆,၀၀၀ ကျော်သည် ကျေးရွာများနှင့် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ယခုအချိန်ထိ နေရပ်မပြန်နိုင်ကြ သေးခြင်း ဖြစ်သည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...