တနင်္သာရီမြစ်ဘေး ရေဘေးသင့်ကျေးရွာအချို့၌ ဝမ်းရောဂါ ဖြစ်ပွားနေ

တနင်္သာရီမြစ်ဘေး ရေဘေးသင့်ကျေးရွာအချို့၌ ဝမ်းရောဂါ ဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး ရေ မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါဖြစ်ပွားသူများ ရှိနေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဩဂုတ်လ ၁၈ ရက်မှစတင်၍ တနင်္သာရီမြစ်အနီးရှိ ကျေးရွာ ၂၀ ကျော်နှင့် မြိတ်-တနင်္သာရီ-ကော့သောင်း ပြည် ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာအချို့မှ ဒေသခံများသည် နီးစပ်ရာ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေကြရသည်။

ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့လာသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် နေ့စဉ်စားသောက်ရေး ဖြေရှင်းပေးနေသော်လည်း၊ မပြောင်းရွှေ့နိုင်သေးဘဲ နေအိမ်၌ပင် ကျန်ရှိ နေသည့် ရေဘေးသင့်ဒေသခံများမှာ သောက်သုံးရေ၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ပိုမိုကြုံတွေ့နေရခြင်းဖြစ်သည်။

တနင်္သာရီမြို့နယ်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက “သောက်သုံးရေမသန့်ရှင်းတာတွေကြောင့် ဝမ်းရောဂါ ဖြစ်နေကြတာ ရှိတယ်။ အဲဒါကြောင့် သောက်သုံးရေရဖို့ မျှော်နေကြတယ်။ ကယ်ဆယ်ရေးသမားတွေကလည်း သွားရောက်လှူဒါန်းပေးနေပါတယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ သောက်သုံးရေနဲ့ အစာခြောက်တွေ အများကြီး လိုအပ်နေပါတယ်” ဟု ပြောသည်။

ထို့ပြင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် လစဉ်သုံးပစ္စည်းများ၊ နာတာရှည် ရောဂါသည်များအတွက် အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်လျက်ရှိသည်။

၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်က “တနင်္သာရီမြစ်ရိုးတစ်လျှောက်က ရွာတွေအကုန်လုံးလိုလို မြုပ်နေတယ်။ တချို့ ရွာတွေက အကုန်မြုပ်ပြီး တချို့ကတော့ နေလို့ရသေးလို့ နေနေကြတယ်။ လောလောဆယ် တနင်္သာရီမြို့ပေါ် မှာ ခန်းမနဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးစခန်းဖွင့်ပေးထားပါတယ်။ ရေဘေးစခန်းက ၆ နေရာလောက် ရှိတယ်” ဟု ဆက် ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်နှင့် ဘုန်းကြီးကျောင်းများ၌ ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုခန့် ဖွင့်လှစ်ထားရှိရာ ရေဘေးသင့်ပြည်သူ ထောင်ဂဏန်းအထိ ရှိနေသည်။

တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် မြိတ်-တနင်္သာရီ-ကော့သောင်း လမ်းပိုင်းအချို့တွင် ရေကျော်နေသဖြင့် ယနေ့အထိ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသေးပေ။

ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် မသန့်ရှင်းသော ရေနှင့် အစားအစာများကြောင့် ဝမ်းပျက်ဝမ်းလျှော၊ အူယောင်ငန်းဖျား၊ အရေပြားနှင့် ငှက်ဖျားရောဂါများအပြင် အခြားနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်သဖြင့် ကျန်းမာရေးသတိရှိကြရန်နှင့် အချိန်မီ ဆေးကုသမှုခံယူကြရန် ကျန်းမာရေးဝန်ထမ်းများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - (တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာများ ရေကြီးနစ်မြုပ်နေသည့် အခြေအနေ / Crd)

Most read this week

ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...