မွန်တွင် ကုန်ဈေးနှုန်းကြောင့် အခြေခံလူတန်းစားများ ထမင်းနပ်မှန်ရန် ခက်ခဲလာ

မွန်တွင် ကုန်ဈေးနှုန်းကြောင့် အခြေခံလူတန်းစားများ ထမင်းနပ်မှန်ရန် ခက်ခဲလာ

မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ ဝင်ငွေနှင့် ထွက်ငွေ မမျှတသည့် ပြဿနာကြောင့် ထမင်းနပ်မှန်ရန်ပင် ခက်ခဲလာကြောင်း အခြေခံ လူတန်းစား ပြည်သူများက ပြောသည်။

ကုန်ဈေးနှုန်းများသည် တစ်ဆထက်တစ်ဆ ထပ်မံမြင့်တက်လာပြီး ကြက်ဥတစ်လုံးလျှင်ပင် ကျပ် ၇၀၀ ဝန်းကျင် အထိ ပေး၍ ဝယ်ယူနေကြရသည်။

အခြေခံ ကုန်ပစ္စည်းဈေးနှုန်းများသည် စက်သုံးဆီ ရှားပါးလာခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ် အဆမတန် ကြီးမြင့်လာခြင်း၊ လျှပ်စစ်မီး မမှန်ခြင်းနှင့် သွင်းအားစု ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်နေခြင်းတို့ကြောင့် ခေါင် ခိုက်လာခြင်း ဖြစ်သည်။

အိမ်ရှင်မတစ်ဦးက “ဝင်ငွေထွက်ငွေကလည်း မမျှဘူး။ အသားဟင်းလည်း စားလို့ မရဘူး။ ငါးပိတို့စရာ အရွက် ကြော်လောက်တောင်မှ နပ်မမှန်တဲ့ အိမ်တွေ တပုံကြီးလေ။တော်တော်လေးလည်း အခက်အခဲရှိတော့ တချို့ကျ တော့ အကြွေးတွေ တင်တယ်။ အကြွေးတွေက ပြန်မဆပ်နိုင်ရင် ထွက်ပြေးကြတယ်” ဟု ပြောသည်။

ဒါ့အပြင် အခြေခံလူတန်းစား ပြည်သူများသည် နေ့စဉ်ပုံမှန် စားသောက်နိုင်ရန်အတွက် ကျန်းမာရေး မကောင်း လျှင်ပင် အလုပ်မပျက်ရဲကြတော့ဘဲ အစားအသောက်မှစ၍ ခြိုးခြံချွေတာ စားသောက်နေကြရကြောင်း ၎င်းက ဆက်ပြောသည်။

ဆန်၊ ဆီ၊ ကြက်ဥ၊ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် အခြေခံစားသောက်ကုန်များသည် အနည်းဆုံး ၅ ဆမှ ၁၀ ဆခန့်အထိ ဈေးနှုန်းမြင့်တက်လာသဖြင့် အခြေခံလူတန်းစား ပြည်သူများအဖို့ လက်လှမ်းမမီသည့် အခြေအနေသို့ ရောက်ရှိလာသည်။

မွန်ဒေသခံတစ်ဦးက “အလုပ်အကိုင် အခွင့်အလမ်း မရှိ၊ ပိုက်ဆံက ရှားပါး၊ ငွေရေးကြေးရေးကလည်း အဆင်မ ပြေ၊ ဝယ်စားပြုစားဖို့ကလည်း ကုန်ဈေးနှုန်းတွေက တအားကြီး၊ မိသားစုတစ်စုမှာ ဝဝလင်းလင်းစားဖို့ တော် တော်လေး ခက်ခဲတဲ့ အတိုင်းအတာတွေကို ရောက်နေပြီ။ တော်တော်လေး ကျပ်တည်းတဲ့ ကာလ၊ ကပ်ဆိုက်တဲ့ ကာလလို့ တောင်မှ ပြောလို့ ရလာပြီးပေါ့နော်” ဟု ပြောသည်။

ဒေသအတွင်း၌ အခြေခံလူတန်းစား ပြည်သူများသည် ဝင်ငွေထွက်ငွေ မမျှတသည့် ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသဖြင့် အချို့မိသားစုများသည် ငွေကြေးချေးငှားကာ နီးစပ်ရာ နိုင်ငံများသို့ တရားမဝင် လမ်းကြောင်း များမှ တစ်ဆင့် သွားရောက်မှု ပိုမိုများပြားလာသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ဥရောပသမဂ္ဂ (EU) တို့၏ ပူးတွဲထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် လူ ၄ ဦးလျှင် ၁ ဦးနှုန်းဖြင့် လူဦးရေ ၁၂ ဒသမ ၄ သန်းနီးပါးမှာ ဆာလောင်မွတ်သိပ်မှု အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ နောက်ဆက်တွဲ အကျပ်အတည်းများကြောင့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာသလို ပြည်တွင်း ပဋိပက္ခများကြောင့်လည်း စားနပ်ရိက္ခာ အခက်အခဲ ပိုမိုဆိုးရွားလာကြောင်း ဆိုထားသည်။

စစ်အုပ်စုအနေဖြင့် အခြေခံ ကုန်ဈေးနှုန်းကြီးမြင့်သည့် ပြဿနာကို တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေး ဘဲ ပြည်သူများမှာ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...