ဝန်ပိုတင်ဆောင်မှုကြောင့် မွန်နှင့် ကရင်တွင် စက်လှေတိမ်းမှောက်မှု မကြာခဏဖြစ်ပွား

ဝန်ပိုတင်ဆောင်မှုကြောင့် မွန်နှင့် ကရင်တွင် စက်လှေတိမ်းမှောက်မှု မကြာခဏဖြစ်ပွား
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု သွားလာနေ ရပြီး ဝန်ပိုတင်ဆောင်မှုနှင့် ပေါ့ဆမှုများကြောင့် ခရီးသည်များ ဘေးအန္တရာယ် ရင်ဆိုင်နေရသည်။

စက်လှေများဖြင့် တစ်ရွာမှတစ်ရွာ ဆက်သွယ်သွားလာခြင်း၊ နေ့စဉ် ကျောင်းအကြိုအပို့နှင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းတို့ကို ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ ပိုမိုအသုံးပြုလာရခြင်း ဖြစ်သည်။

မြစ်ရေကြီးနေသည့် ဒေသများတွင် စက်လှေအလုံအလောက် မရှိသည့်အပြင် ရေစီးနှုန်း ပိုမိုပြင်းထန်လာခြင်း၊ ရေအောက် အတားအဆီးများကို မမြင်နိုင်ခြင်း၊ လှေများ၌ ခရီးသည်နှင့် ကုန်ပစ္စည်း အလေးချိန် ပိုမိုတင်ဆောင် ခြင်း၊ လှေသမားများ၏ ပေါ့ဆမှုများကြောင့် စက်လှေတိမ်းမှောက်မှု မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

နေ့စဉ် ခရီးသွား ရာနှင့်ချီ ဖြတ်သန်းနေသည့် မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းရှိ ရေကြီးနစ်မြုပ်နေသော လှိုင်ကနီ-တောင်ပေါက် ကျေးရွာကြားတွင် သြဂုတ်လအတွင်း စက်လှေတိမ်းမှောက်မှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

လှိုင်ကနီကျေးရွာမှ အမျိုးသားတစ်ဦးက “လှေကလည်း နည်းတယ်၊ ဘုရားသုံးဆူဘက်ကိုသွားတဲ့ ခရီးသွားတွေ ကလည်း များနေတယ်။ အဲဒါကြောင့် လူ နဲ့ ပစ္စည်းတင်ဆောင်ရမယ့် ပမာဏကို သတ်မှတ်ရခက်တယ်။ အဲကြောင့် လှေတစ်စီးကို လူဘယ်နှစ်ယောက်စီး လို့ရလဲ ဆိုတာ သတ်မှတ်ထားတာမရှိဘူး။ ပစ္စည်းကလည်း တင်လို့ရသလောက် တင်နေတယ်” ဟု ပြောသည်။

ထို့ပြင် စည်းကမ်းမဲ့ မောင်းနှင်မှုနှင့် အရက်သေစာ သောက်စားထားခြင်းတို့ကြောင့်လည်း စက်လှေ နစ်မြုပ်မှုများ ဖြစ်ပွားနေသည်။

ရေမြင့်တက်နေမှုကြောင့် ကားများဖြင့် သွားလာ၍ မရသေးသဖြင့် စက်လှေများကို ဆက်လက် အသုံးပြုရမည် ဖြစ်ရာ ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ချက်မရှိဘဲ တင်ဆောင်ခြင်းနှင့် အလုပ်ချိန်အတွင်း အရက် သေစာ သောက်စားခြင်းများကို သတိပြုကြရန် ဒေသခံများက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ခိုက်-နွားခြံကုန်းကျေးရွာတွင် လူ ၈ ဦး၊ ဆိုင်ကယ် ၂ စီးနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ရသည်။

ကော့ကရိတ် ဒေသခံတစ်ဦးက “ဒီလိုရေစီးကြမ်းနေတဲ့အချိန်မှာ ရေမကူးတတ်သူတွေက လှေမြုပ်မယ်ဆိုရင် တော့ သေနိုင်ခြေက ပိုများတယ်။ အဲကြောင့် လှေသမားတွေကလည်း ဒီလိုလူတွေကို အသက်အန္တရာယ် မဖြစ် စေဖို့ ဂရုပြုပေးသင့်တယ်” ဟု ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ကရင်ပြည်အတွင်း ဖြတ်သန်းစီးဆင်းနေသော မြစ်များ သည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေဆဲဖြစ်ပြီး ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် များအတွင်း ရေကြီးရေလျှံမှုများ ဆက်လက် ဖြစ်ပွားနေသည်။

ရေကြီးရေလျှံနေသည့် ကာလအတွင်း စက်လှေမောင်းနှင်သူများအနေဖြင့် ခရီးမထွက်မီ စက်လှေ၊ အင်ဂျင်၊ ဆီတိုင်ကီ၊ လှေကိုယ်ထည်၊ စက်လှေအတွင်း ရေဝင်ရောက်မှု ရှိ မရှိနှင့် ရေစုပ်ကိရိယာများကို ကြိုတင် စစ်ဆေး သင့်ကြောင်းနှင့် ခရီးသွား ပြည်သူများအနေဖြင့် မိုးရွာသွန်းမှုအခြေအနေ ဆိုးရွားပါက ခရီးစဉ်ကို ရွှေ့ဆိုင်းသင့် ကြောင်း ရေအတက်အကျ အခြေအနေ ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...
August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...