၅ နှစ်အတွင်း PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျသွားဟု PRF ထုတ်ပြန်

၅ နှစ်အတွင်း PDF ထောက်ပို့တပ်သား ၅ သောင်းကျော် လျော့ကျသွားဟု PRF ထုတ်ပြန်
ဓာတ်ပုံ - PRF
ဓာတ်ပုံ - PRF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ ပြီးခဲ့သည့် ၅ နှစ်အတွင်း လျော့ကျသွားကြောင်း ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) က ထုတ်ပြန် သည်။

အကြောင်းအမျိုးမျိုးကြောင့် ထောက်ပို့တာဝန်မှ ရပ်နားထားသူများပြားလာပြီး ပြီးခဲ့သည့် လပိုင်းအတွင်း ဆက်တိုက် လျော့ကျသွားခြင်းဖြစ်သည်။

ထောက်ပို့တပ်သားများသည် အစုလိုက်အပြုံလိုက် ရပ်နားသွားခြင်း မဟုတ်ဘဲ ပြည်သူ့တော်လှန်ရေးထောက်ပို့ တပ် (PRF) ကို စတင်ဖွဲ့စည်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားသွားခြင်းဖြစ်ကြောင်း PRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

PRF ပြန်ကြားရေးတာဝန်ခံက “ထောက်ပို့တပ်သားဆိုတာက တော်လှန်ရေးတပ်ဖွဲ့တွေအတွက် လစဉ်လတိုင်း အလှူငွေထောက်ပံ့ပေးနေသူ တွေပါ။ တစ်ချို့က ၂၀၂၃၊ ၂၀၂၄ အဲဒီလို တစ်ဖြည်းဖြည်းနဲ့ ရပ်နားသွားကြတယ်။ ထောက်ပို့တပ်သား ၅ သောင်း လျော့သွားတယ်ဆိုတာကလည်း ၅ နှစ်တာ ကာလရဲ့ စုစည်းထားတဲ့ စုစုပေါင်း အရေအတွက်ပါ။ ဒါပေမဲ့ ဒီ ၂ လအတွင်းမှာတော့ တော်တော်ကို ထိုးကျသွားတော့ ၅ သောင်းအထိ ရှိလာတယ်” ဟု ပြောသည်။

လက်ရှိတွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်ထောက်ပို့နေသူ ၂ သောင်းဝန်းကျင် ကျန်ရှိနေပြီး တော်လှန်ရေးအတွက် မရပ်မနား အင်တိုက်အားတိုက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်ဟု ဆိုသည်။

တော်လှန်ရေးကာလ ရှည်ကြာလာချိန်တွင် အချင်းချင်း ယုံကြည်မှု နည်းပါးလာခြင်းနှင့် ပြည်သူလူထုကို ပွင့်လင်း မြင်သာစွာ စာရင်းဇယား ရှင်းလင်းမှု အားနည်းခြင်းတို့မှာ ထောက်ပို့တပ်သားများ လျော့ကျလာရသည့် အကြောင်းအရင်းများ ဖြစ်နိုင်ကြောင်း ပြည်ပရောက် တော်လှန်ရေး ထောက်ပို့သူတစ်ဦးက ပြောသည်။

“တော်လှန်ရေးအပေါ် ယုံကြည်မှု၊ စိတ်ဝင်စားမှု လျော့နည်းလာတာလည်း ဖြစ်နိုင်တယ်ပေါ့။ တော်လှန်ရေး ကလည်း အရှိန်မမြှင့်နိုင်တော့ဘူး၊ လစဉ်လတိုင်းတော့ ထောက်ပံ့နေရတယ်ဆိုတော့ ဘယ်ဟုတ်တော့မလဲပေါ့ နော်။ ဒီအရာတွေအပြင် တစ်ခြားအကျပ်အတည်းတွေလည်း ရှိနိုင်တာပေါ့ နော်” ဟု ထောက်ပို့တစ်ဦးက ပြော သည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) သည် ပြည်တွင်း/ပြည်ပရှိ ထောက်ပို့တပ်သားများ၏ လစဉ် အလှူ ငွေများဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း များထံ ထောက်ပံ့ပေးနေသည့် အဖွဲ့အစည်း ဖြစ်သည်။

အဆိုပါ ထောက်ပို့ငွေများကို တပ်ရင်းရိက္ခာနှင့် အထွေထွေ အသုံးစရိတ်အပြင် စစ်လက်နက်ပစ္စည်း ဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ လေ့ကျင့်ရေးနှင့် မဟာမိတ်များသို့ မျှဝေမှုများအတွက် အသုံးပြုလျက်ရှိသည်။

ထောက်ပို့တာဝန်မှ ရပ်နားခဲ့သူများအနေဖြင့် တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ အားအင်အသစ်နှင့်အတူ ပြန်လည် တာဝန်ထမ်းဆောင်ကြရန်နှင့် ထောက်ပို့တပ်သားသစ်များကို လှိုက်လှဲစွာ ဖိတ်ခေါ်ကြောင်းလည်း PRF က တိုက်တွန်းထားသည်။

PRF ပြန်ကြားရေးတာဝန်ခံက “အခုက ပျမ်းမျှ ၂ သောင်းဝန်းကျင်တော့ ရှိပါတယ်။ ဒီလူတွေက လစဉ်မပျက် မကွက်ဘဲ ထောက်ပို့ တာဝန်ကို ခိုင်ခိုင်မာမာ ထမ်းဆောင်နေကြတဲ့ အမာခံထောက်ပို့တွေပေါ့လေ။ ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ထောက်ပို့တပ်သားအဖြစ်ကနေ ရပ်နားသွားခဲ့တဲ့ လူတွေကိုလည်း PRF နဲ့ ပူး ပေါင်းပြီး ပြန်လည်တာဝန်ထမ်းဆောင်စေချင်တယ်။ ထောက်ပို့တပ်သားသစ်တွေကိုလည်း ဒီကနေ ဖိတ်ခေါ် ပါတယ်” ဟု ပြောသည်။

တော်လှန်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ရန် ထောက်ပို့တပ်သားများသည် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် တာဝန်မှ ရပ်နားသူများပြားပါက ရှေ့တန်းတွင် အသက်ပေး တိုက်ပွဲဝင်နေသည့် ရဲဘော်များ၏ ရှင်သန်မှု လည်း ရပ်တန့်သွားမည်ဖြစ်ကြောင်း PRF က သတိပေး ထုတ်ပြန်ထားသည်။

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ ရထားလမ်းကူးတစ်ခုကို တွေ့ရစဉ်။ / Crd
September 21, 2026
မွန်ပြည် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတစ်လျှောက်ရှိ တရားမဝင် ရထားလမ်းကူးများကို...
မွန်ပြည်အတွင်းရှိ နေလှန်းဆားကွင်းတစ်ခု၌ ဆားရိတ်သိမ်းနေသည်ကို တွေ့ရစဉ်။ / Crd - ပုံဟောင်း
September 21, 2026
မွန်ပြည်၌ နေလှန်းဆားကြမ်း ဈေးနှုန်းတစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်သာ ရှိတော့သဖြင့် ကြိုတင်ဝယ်ယူ...
ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...