စစ်ဘေးရှောင်ပြည်သူများ အရေပြားရောဂါလက္ခဏာပုံစံ ခံစားနေရပြီး ဆေးဝါးမလုံလောက်တဲ့အခြေအနေ ကြုံတွေ့နေရ

စစ်ဘေးရှောင်ပြည်သူများ အရေပြားရောဂါလက္ခဏာပုံစံ ခံစားနေရပြီး ဆေးဝါးမလုံလောက်တဲ့အခြေအနေ ကြုံတွေ့နေရ

ကရင်နီပြည်နယ်အတွင်းမှာ စစ်ရှောင်နေရတဲ့ သက်ကြီးရွယ်အိုအမျိုးသမီးများ၊ ကလေးမွေးပြီးခါစ မီးနေသည်များနဲ့ ကလေးငယ်အများစုရဲ့ ကိုယ်ခန္ဓာပေါ်မှာ ယားနာကဲ့သို့သော အဖုများထွက်ကာ အရေပြားရောဂါလက္ခဏာပုံစံမျိုး ခံစားနေရပြီး ငွေရေးကြေးရေးအဆင်မပြေမှုများကြောင့် နဲ့ ဆေးဝါးမလုံလောက်မှုကြောင့် ကုသဖို့အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“ကလေးမွေးပြီး တစ်ပတ်လောက်အကြာမှာ စဖြစ်တာ။ ခြေဖျားကနေ တဖြည်းဖြည်းတက်လာပြီး ခေါင်းအထိပဲ တစ်ကိုယ်လုံး အဖုတွေထွက်လာတယ် ယားလည်းယားတယ်။ ပြီးတော့ ကျေးလက်ဆေးခန်းတွေမှာပြတယ် မသက်သာတော့ လွိုင်ကော်ဆေးရုံကို လာပြတယ်၊ အဖုတော့မရှိတော့ဘူး။ ဒါပေမယ့် တစ်ကိုယ်လုံး ယောင်ကိုင်းနေတယ်၊ ဆရာဝန်တွေလည်း အဖြေရှလို့မရသေးဘူးတဲ့။ ဒီရက်တော့ ဓတ်မှန်သွားရိုက်တယ်” လို့ မီးဖွားပြီးစ မီးနေသည်တစ်ဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီးမှာ အရေပြားလက္ခာဏာပုံစံမျိုး ခံစားနေရပြီး နို့ရည်ကောင်းကောင်းမထွက်တော့ဘဲ လသားအရွယ်ကလေးငယ်မှာလည်း နို့လုံလုံလောက်လောက် မသောက်ရဘူးလို့ ဆိုပါတယ်။ တစ်နေ့ကို ဆေး ၄ လုံးလောက်ထိုးနေရပြီး ဆေးဝါးခနဲ့ ကလေးအာဟာရမုန့် မလုံလောက်တာကြောင့် တခြားသူထံမှာ ငွေချေးငှားပြီး ဆေးကုနေရတယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းရှိ ကျေးလက်ဆေးခန်းမှာလည်း ဆေးဝါးမလုံလောက်တာကြောင့် ဆေးအနည်းငယ်နဲ့သာ ကုသနေရပြီး ထိရောက်မှုမရှိဘူးလို့ အရေပြားလရောဂါ လက္ခဏာပုံစံဖြစ်ပွားနေတဲ့ ကလေးငယ်တစ်ဦးမိခင်က ပြောပါတယ်။

“ရှိတာလေးနဲ့ တိုက်လိုက်ရတော့ သိပ်တော့အဆင်မပြေဘူး အကျိုးသက်ရောက်မှု သိပ်မရှိဘူးပေါ့နော။ ကလေးအတွက်ကတော့ ဆေးဝါးလုံလောက်မှုမရှိသေးဘူး၊ ဆေးခန်းမှာဆိုရင်လည်း ကိုယ်က ဆေး (၄) မျိုးလောက် လိုအပ်တယ်ဆိုရင် သူတို့ဟာ ၂ မျိုးပဲရှိတော့တယ်၊ အဲ့လိုမျိုးလေးတွေပေါ့” လို့ သူမကပြောပါတယ်။

အဖုအပိတ်တွေက ကလေးငယ်တွေရဲ့ ကိုယ်ခန္ဓာအနှံ့အပြားမှာထွက်ပြီး လူကြီးတွေမှာတော့ အစုလိုက်အပြုံလိုက်ဖြစ်ပွားနေကာ ကူးစက်မှုဖြစ်ပွားမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်တွေမှာဖြစ်ပွားတဲ့ အဖုအပိတ်မျိုးက ယားယံနာကျင်တာတွေမရှိဘဲ သက်ကြီးရွယ်အိုနဲ့ ကလေးမွေးပြီးစ မီးနေသည်တွေဖြစ်ပွားတဲ့ အရေပြားမျိုးမှာ ယားယံခြင်း၊ နာကျင်ကိုက်ခဲခြင်း စတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့ သိရပါတယ်။

သက်ကြီးရွယ်အိုတစ်ဦးက အဆိုပါ ယားနာမျိုးဖြစ်ပွားပြီး ဆေးသောက် ဆေးလိမ်းပြီး အနည်းငယ်သက်သာလာပေမယ့် အခြားတစ်နေရာမှာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆေးခန်းက ပေးလာတဲ့ဆေးတွေကို သောက်လိုက်တယ် နောက်ပြီး တစ်နေရာပျောက်သွားပြီဆိုရင် တစ်နေရာပြန်ဖြစ်တယ်၊ အဲ့လိုမျိုးဖြစ်နေတယ်လေ။ နောက်ဒီတစ်ခါကတော့ နည်းနည်းခြောက်သွားပြီ တစ်ခြားနေရာတော့ မပေါက်တော့ဘူးပေါ့။ ကျင်တာကတော့ ထုံကျင်နေသေးတယ်။ အဲ့ဒီထွက်တဲ့နေရာပေါ့နော်၊ နောက်ပျောက်သွားတဲ့နေရာကတော့ မထုံတော့ဘူး” လို့ ဝေဒနာခံစားရသူတစ်ဦးက ပြောပါတယ်။

အဖုအပိတ်ပုံစံ အရေပြားရောဂါလက္ခာဏာကို နှစ်ပတ်ကြာခံစားရပြီးနောက် ထုံကျင်ကိုက်ခဲတဲ့ ဝေဒနာကိုလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။

ယခုလိုဖြစ်ပွားနေတဲ့ အရေပြားရောဂါလက္ခာဏာဟာ ရေမသန့်ရှင်းမှုကြောင့်သော်လည်းကောင်း၊ နေရာဒေသ သန့်ရှင်းမှုမရှိခြင်းသော်လည်းကောင်း၊ ရာသီဥတုအခြေအနေကြောင့်သော်လည်းကောင်း ဖြစ်ပွားနိုင်ပြီး အများအားဖြင့် ကလေးငယ်တွေမှာအဖြစ်များကာ တစ်နေ့ကို အနည်းဆုံး နှစ်ဦး ဆေးခန်းလာပြကြတယ်လို့ စစ်ဘေးရှောင်တစ်နေရာမှ ကျန်းမာရေးဆရာတစ်ဦးက ပြောပါတယ်။

“ကလေးတွေများတယ် ကလေးပေါက်စနလေးတွေ အခုကျနော်ကြည့်သလောက် လသားလေးတွေလည်းရှိတယ်။ မွေးထားတဲ့နေရာ မသန့်တဲ့အခါမှာလည်း ကလေးတွေမှာ အရေပြားရောဂါဖြစ်တာတွေရှိတယ်။ နောက်တစ်ခုကတော့ နို့တိုက်တဲ့နေရာမသန့်တာတွေ ပါးစပ်တွေနားမှာ အနာတွေပေါက်တာမျိုး နှုတ်ခမ်းတွေမှာ အရေပြားတွေမှာ အဖုအပိတ်တွေထွက်လာတာမျိုးတွေ ရှိတယ်ပေါ့နော။ အဲ့တာက ကလေးတွေ ဆယ်နှစ်အောက်ပေါ့နော တော်တော်များပါတယ်” လို့ အဆိုပါကျန်းမာရေးဆရာက ပြောပါတယ်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာဖြစ်တဲ့ တောတောင်ထဲထွက်ပြေးခဲ့ရသလို အလှူရှင်များမှ လှူဒါန်းပေးပို့ထာတဲ့ ရိက္ခာနဲ့ဆေးဝါး အများအပြားကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...