အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရခဲ့သော်လည်း ALP ပါတီ ပင်လုံညီလာခံသို့တက်မည်ဟုဆို

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရခဲ့သော်လည်း ALP ပါတီ ပင်လုံညီလာခံသို့တက်မည်ဟုဆို
by -
နိရဥ္စရာ
ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ခွင့်မရခဲ့သော်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)အနေဖြင့် ၂၁ ရာစုပင်လုံညီလာခံသို့တက်ရောက်မည်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ စောမြရာဇာလင်းက နိရဥ္စရာသို့ပြောသည်။

"ကျွန်မတို့ရခိုင်ပြည်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မပေးဘူး။ မပေးရင် ဒီလူတွေက ပြရမှာက ငါတို့သည် ငြိမ်းချမ်းရေးကို တန်ဖိုးထားတဲ့လူဖြစ်တယ်၊ ငြိမ်းချမ်းရေးနဲ့နေပြီး ရှေ့ကိုသွားမယ်ဆိုပြီး သန္နိဋ္ဌာန်ရှိတဲ့သူတွေဆိုတာကိုတော့ပြဖို့လိုတယ်။ သူများတွေ ဘယ်လိုပင် နိုင်ငံရေးကစားကစား၊ အဲဒီ ကစားတဲ့ ဂွင်ထဲမှာ ကိုယ်တို့က ဝင်ရောက်မသွားဖို့အရေးကြီးတယ်။ အဲလို အမြင်တွေရှိပါတယ်။ ဒါကြောင့် ဒီညီလာခံကိုတော့ တက်သင့်တာမို့ တက်ဖို့ ဆုံးဖြတ်တာပါ” ဟု ဆိုသည်။

ALP ပါတီမှ စောမြရာဇာလင်းအပါအဝင် ခိုင်စိုးနိုင်အောင်၊ ခိုင်ဖိုးမင်း၊ ခိုင်ဖိုးလင်း၊ ခိုင်ကျန်သိန်းအောင် (ကျောက်ဖြူ)၊ စောသီရိရည်မွန်တို့အပါအဝင် ပါတီကိုယ်စားလှယ် ၁၉ ဦးတက်ရောက်မည် ဖြစ်ကြောင်း သူမက ပြောသည်။

၎င်းပြင် သူမက “ အခုက နိုင်ငံရေးကစားတယ်ဆိုတဲ့အနေအထားမျိုးတွေမှာ ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုးဆိုတဲ့ အနေအထားတွေ အများကြီးပါ။ မနက်ဖြန်လည်း စကားတွေကြားလာနိုင်ပါတယ်။ ကျွန်မကတော့ ထုတ်ဖော်မပြောချင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်တို့သည် အနုတ်လက္ခဏာကိုသွားတဲ့ သူမျိုးမဟုတ်ဘူးဆိုတာကို ကျွန်မတို့က သက်သေပြချင်တယ်။ ဒါကြောင့် ကျွန်မတို့က ဒီညီလာခံကို တက်မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်"ဟု စောမြရာဇာလင်းက ဆက်လက် ပြောဆိုသည်။

မေလ ၂၄ ရက်နေ့စတင်ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် UPDJC အစည်းအဝေးက ချမှတ်ထားသည့် လုပ်ငန်းကော်မတီများ ၏တင်ပြချက်များကိုသာ ဆွေးနွေးကြမည်ဖြစ်သော်လည်း သီးသန့်တင်ပြခွင့်ရပါက ALP ပါတီအနေဖြင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တင်ပြဆွေးနွေးသွားမည်ဟုဆိုသည်။

"ကျွန်မတို့က ဒီညီလာခံမှာဆွေးနွေးလာတဲ့အခါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မရလိုက်ဘူး ဆိုသည့်တိုင်အောင် ကျွန်မတို့ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုလာတာဖြစ်တယ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တခြားအဖွဲ့အစည်းက ပြောတဲ့စကားနဲ့ ကျွန်မတို့ပြောတဲ့စကားတူတယ်ဆိုရင် ကျွန်မတို့က နားလည်လို့ ရတယ်။ ကျွန်မတို့ပြောလာမှာလည်း အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲ။ အဓိကတော့ ရခိုင်ကို အမျိုးမျိုးမလုပ်စေချင်တဲ့ဆန္ဒတွေကြောင့်လုပ်ခဲ့တာတွေကိုလည်း ကျွန်မတို့တွေ့ရတယ်။ ဒါပေမယ့် အဲဒါတွေအပေါ်မှာ ကျွန်မတို့က နိုင်ငံရေးအရ သတိထားတယ်။ သာမန်အရပ်သားဆိုရင် အဲလိုဆိုရင် ငါတို့မသွားဘူးဆိုပြီး ဆုံးဖြတ်လိုက်တာဟာ သာမန်လူတစ်ယောက်အနေနဲ့ ပြောလို့ရနိုင်တယ်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ကျတော့ အဲလို တဇွတ်ထိုးဆုံးဖြတ်တယ် ဆိုတာမျိုးက ဖြစ်လို့မရဘူး ဆိုတာမျိုးကို ကျွန်မတို့က ပြန်ပြီး ဆင်ခြင်တယ်လေ"ဟု စောမြရာဇာလင်းက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...