ဖားဆောင်းမြို့နယ်တွင် CDM ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း (၁၅၂) ဦး ရာထူးမှထုတ်ပယ်ခံရ

ဖားဆောင်းမြို့နယ်တွင် CDM ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း (၁၅၂) ဦး ရာထူးမှထုတ်ပယ်ခံရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ CDM ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း (၁၅၂) ဦးကို စစ်ကောင်စီမှ ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ ပညာရေးဝန်ထမ်းတွေ CDM ပြုလုပ်တဲ့စာရင်းအရ ဒီမော့ဆိုမြို့နယ်မှာ (၁၁၂၃) ဦး၊ ဖရူဆိုမြို့နယ်မှာ (၅၂၆) ဦး၊ မယ်စဲ့မြို့နယ်မှာ (၇၈) ဦးနဲ့ ဖားဆောင်းမြို့နယ်မှာ (၁၅၂) ဦး စုစုပေါင်း ပညာရေးဝန်ထမ်း (၁၈၇၉) ဦး ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကရင်နီပြည်နယ်မှာ မြို့နယ် (၇) မြို့နယ်ရှိပြီး အခြေခံပညာကျောင်းအသီးသီးမှ CDM ပြုလုပ်ပြီး ရာထူးမှထုတ်ပယ်ခံရတဲ့မြို့ (၄) မြို့သာ စာရင်းသိရပြီး ကျန်မြို့ဖြစ်တဲ့ လွိုင်ကော်မြို့၊ ဘောလခဲမြို့၊ ရှားတောမြို့ကိုမူ စာရင်းများ မသိရှိရသေးပါ။

စစ်ကောင်စီမှ အခြေခံပညာဦးစီးဌာန၊ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးရဲ့ သဘောတူဆုံးဖြတ်ချက်အရ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရှိ အခြေခံပညာကျောင်းများမှ အမှုထမ်း (၄၆၃၃၇) ဦးသည် နိုင်ငံဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ (၁၆၁)၊ နည်းဥပဒေခွဲ (ဃ) နှင့် နည်းဥပဒေ (၁၆၂)၊ နည်းဥပဒေခွဲ (ဃ) တို့ပါ ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၃၊ ပုဒ်မခွဲ (ဇ) အရ ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှစ၍ ရာထူးမှထုတ်ပယ်ခြင်း (Removal) ပြစ်ဒဏ်ချမှတ်ရန်နဲ့ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဦးစီးဌာန (ရုံးချုပ်) စီမံသို့ (၁၀.၆.၂၀၂၁) ရက်နေ့အရောက် မပျက်မကွက် ပြန်လည်ပေးပို့ရန် မေလနောက်ဆုံးပတ်မှာ အကြောင်းကြားထားကြောင်း သိရပါတယ်။

ကာယကံရှင် ဝန်ထမ်းများအနေနဲ့ ပြစ်ဒဏ်နဲ့စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက ရုံးအမိန့်စာကို လက်ခံရရှိတဲ့နေ့မှစ၍ ၆ လအတွင်း နိုင်ငံဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၂၂၀ ပါ ပြဌာန်းချက်များနဲ့အညီ အယူခံလွှာတင်သွင်းနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...