တရုတ်ရေနံတင်သင်္ဘောများကြောင့် အသက်မွေးလုပ်ငန်းထိခိုက်၍ စက်လှေ ၂၀၀ ဖြင့် မဒေးကျွန်း တရုတ်ရေနံတင် ဆိပ်ကမ်းထိ ချီတက် ဆန္ဒဖော်ထုတ်မည်

တရုတ်ရေနံတင်သင်္ဘောများကြောင့် အသက်မွေးလုပ်ငန်းထိခိုက်၍ စက်လှေ ၂၀၀ ဖြင့် မဒေးကျွန်း တရုတ်ရေနံတင် ဆိပ်ကမ်းထိ ချီတက် ဆန္ဒဖော်ထုတ်မည်
by -
နိရဥ္စရာ
တရုတ်ရေနံတင်သင်္ဘောများ ၀င်ထွက်သွားလာမှုကြောင့် ငါးဖမ်းလုပ်ငန်း ပျက်စီးလာ၍ ဒေသခံ ရေလုပ်သားများနှင့် မဒေးကျွန်း ဒေသခံများက စက်လှေ အစီး ၂၀၀ ဖြင့် ကျောက်ဖြူမြို့မှ တရုတ်ရေနံတင် သင်္ဘော ဆိပ်ကမ်းထိ ချီတက် ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲကို လာမည့် မေလ ၂၂ ရက်နေ့တွင် တရုတ်ရေနံတင် သင်္ဘော ၀င်ရောက်ရာ မြစ်ကြောင်း တစ်လျှောက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ မေလ ၁၈ ရက်နေ့မှာ ခွင့်ပြုချက်တင်လိုက်ပြီ ဖြစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ မဒေးကျွန်းမှ ကိုထွန်းထွန်းဝင်း ကပြောသည်။

တရုတ်ရေနံတင်ဆိပ်ကမ်း တည်ဆောက်မှုကြောင့် ဒေသခံများ တစ်စုံတစ်ရာ အကျိုးခံစားခွင့် မရသည့် အပြင် အသက်မွေး ၀မ်းကျောင်း ငါးဖမ်းလုပ်ငန်းကိုပါ ထိခိုက်လာ၍ ယခုလို ဆန္ဒပြကန့်ကွက်သွားရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

‘‘ ကျောက်ဖြူက ရေလုပ်သားတွေနဲ့ မဒေးကျွန်းဒေသခံတွေ ဆန္ဒပြဖို့ ဆုံးဖြတ်ပြီးပါပြီ။ မဒေးကျွန်း အပါအဝင် ဒေသခံ စက်လှေတွေ ကျောက်ဖြူ ဂျပန်မဆိပ်ကမ်းကို မေလ ၂၂ ရက် နံနက် စောစော အရောက်လာပြီး နံနက် ၁၁ နာရီမှာ ကျောက်ဖြူက ရေလုပ်သားတွေနဲ့ အတူ စက်လှေတွေနဲ့ မြစ်ကြောင်းအတိုင်း ရေနံတင်ဆိပ်ကမ်းအထိ စက်လှေအစီး (၂၀၀)လောက်နဲ့ ချီတက် ဆန္ဒဖော်ထုတ်မှာပါ။ ရခိုင်သူ ရခိုင်သားတွေ ပူးပေါင်းပါ၀င်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု သူက ပြောကြားသည်။

စက်လှေများအား တရုတ် ရေနံတင် ဆိပ်ကမ်းရှေ့ထိ သွားရောက် ဆန္ဒဖော်ထုတ်မည် ဖြစ်ပြီး အပြီးတွင် မဒေးကျွန်းပေါ်ရှိ ကျောက်တန်းရွာမှ တရုတ် CNPC ကုမ္ပဏီရုံးရှေ့ထိလည်း လမ်းလျှောက်ချီတက်ကာ ဆန္ဒဖော်ထုတ်သွားမည် ဖြစ်ကြောင်း သိရသည်။

တောင်းဆိုမည့်အချက်မှာ ရေနံတင်သင်္ဘောကြောင့် ငါးဖမ်းလုပ်ကွက်ပျက်စီးမှု တာဝန်ယူဖြေရှင်းပေးရေး၊ မဒေးကျွန်း ကျွန်းပတ်လမ်းများရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးရေးတို့ကို တာင်းဆိုကြမည်ဟု သိရသည်။

ရေနံတင် နိုင်ငံခြား သင်္ဘောကြီးများ ၀င်ထွက်သွားလာချိန်တွင် သတ်မှတ်ထားသော လမ်းကြောင်း တစ်လျှောက် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ဒေသခံများအား ငါးဖမ်းခြင်း၊ ရေယာဉ်များ ကျောက်ချရပ်နားခြင်းများ မပြုလုပ်ရန် သက်ဆိုင်ရာမှ အမိန့်ထုတ်ပြန်ထားသည်။

အဆိုပါ ကိစ္စနှင့် သက်ပြီး ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီလင်းအား နိရဥ္စရာက ဆက်သွယ် မေးမြန်းမှု တစ်ခုတွင် သင်္ဘော အဝင်အထွက် ၁ နာရီခွဲခန့်တွင်သာ သင်္ဘောလာရာ လမ်းတစ်လျှောက် ငါးဖမ်းခွင့် မပြုလုပ်ရန် တားမြစ်ထားကြောင်း၊ ၁ နာရီခွဲခန့်ဖြင့် ငါးဖမ်းသူများ မထိခိုက်နိုင်ကြောင်း၊ ကျန် အချိန်များတွင် ငါးဖမ်းခွင့် ပြုထားကြောင်း ရှင်းလင်း ပြောကြားသည်။

ဒေသခံများက ပြောကြားသည်မှာ ယခုအခါ ရေနံတင် သင်္ဘောများ ၀င်ရောက်မှုမှာ တစ်ဖြည်းဖြည်း များလာကြောင်း၊ သင်္ဘောမဝင်လာခင်ကတည်းက ပိုက်ချမှု ရပ်နားထားရသဖြင့် ပိုက်ဖော် ပိုက်ချ နာရီပေါင်းများစွာကြာမြင့်ကြောင်း၊ ၎င်းပြင် သင်္ဘောဝင်ချိန် ထွက်ခွာမည့် အချိန်ကို အတိအကျ မသိရသဖြင့် အချိန်ယူပြီး စောင့်နေရခြင်းတို့ကြောင့် အလုပ်ပျက်ကာ ၎င်းမြစ်ကြောင်း တစ်လျှောက် လုပ်ကိုင်စားသောက်နေသူ လူပေါင်း ၁၀၀ ခန့်မှာ ထိခိုက်နစ်နာမှု ရှိနေကြောင်း သိရသည်။

အများစု ဒေသခံပြည်သူများမှာ တစ်ခြားလုပ်ငန်းများကိုလည်း လုပ်ကိုင်ရန် မကျွမ်းကျင်သဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးနေကြသူများဖြစ်ကြောင်း၊ ယခုအခါ ၀င်ငွေနည်းပါး၍ စားဝတ်နေရေး အကျပ်အတည်း ဖြစ်လာကြောင်း၊ ဒေသခံပြည်သူများအရေးကို ဖြေရှင်းပေးပါမည်ဟု ကတိပြုထားသော အာဏာပိုင်များကလည်း တစ်စုံတစ်ရာ တာဝန်ယူ ဖြေရှင်း ပေးခြင်း မရှိကြောင်း ပြောကြားသည်။

အရှေ့လယ်ပိုင်းနှင့် အာဖရိကမှလာသော တရုတ်ရေနံစိမ်း တန်ချိန် တစ်သိန်းကျော် တင်ဆောင်လာသော သင်္ဘောသည် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းဆိပ်ကမ်းသို့ ဧပြီလ(၉)ရက်နေ့က ပထဆုံးအကြိမ် ၀င်ရောက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် သင်္ဘောဝင်ရောက်မှု ခပ်စိပ်စိပ်ဖြစ်လာသဖြင့် ဒေသခံ ပြည်သူများ၏ ငါးလုပ်ငန်းမှာ ထိခိုက် လာခဲ့ရခြင်း ဖြစ်ကြောင်း နိရဥ္စရာမှ စုံစမ်းသိရှိရသည်။

မေလ ၁၁ ရက်နေ့ကလည်း ဒေသဖွ့ံဖြိုးရေးဆောင်ရွက်ပေးရန် တရုတ်ကုမ္ပဏီရှေ့တွင် မဒေး ကျွန်းဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ပြီးဖြစ်သည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...