ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဇွန်လ ၁၆ ရက်နေ့ ည ၈နာရီ ၁၅ မိနစ်အချိန်မှာ ပြင်းထန်တဲ့ လက်နက်ကြီးပစ်ခတ်သံများ ကြားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုက ဒီမော့ဆိုမြို့ စံပြ ၆ မိုင်အနီးတစ်ဝိုက်မှာ ဖြစ်ပွားခဲ့တယ်လို့ အနီးနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
”၆ မိုင်အနီးတစ်ဝိုက်ပဲထင်တယ် ၃ ချက်တောင်ကြားတာ ၈ နာရီ မိနစ် ၂၀ မှာထင်တယ် ၃ မိနစ်ခြား တလုံးစီပေါက်တာ ဒုတိယတလုံးမှာတော့ သေနတ်သံတစ်ချက်ကြားလိုက်သေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အပစ်ခတ်ယာယီရပ်ဆိုင်းထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထုတ်ပြီး ၂ ရက်မြောက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖက်ကနေ လက်နက်ကြီးပစ်ခတ်မှု စတင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
”ယာယီရပ်ဆိုင်းထားတယ်လို့လည်းပြောတယ် ၂ ရက်တောင်မရှိသေးဘူး အသံကပြန်ကြားရပြီ။ ရွာက ကိုယ့်အိမ်ကိုယ်တောင် ပြန်နေရဲတဲ့အခြေနေမှာ ရှိသေးတာမဟုတ်ဘူး ပြန်ဖို့ပြင်နေတုန်း။ ခုလိုဖြစ်တော့ ဘယ်သူက ပြန်နေရဲမတုန်း သွားလာရဲမတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ်မယ်ဆိုတာ အစကတည်းကကို မယုံထားပါဘူး။ သူတို့လောက် ကတိမတည်တာ သူတို့ပဲရှိတယ်” လို့ ဒီမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။
ဒီမော့ဆိုမြို့နယ်အတွင်းက စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေက စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ယာယီအပစ်ရပ်ဆိုင်းတဲ့နေ့ကတည်းက မိမိတို့နေအိမ်ကိုပြန်သွားကြရာ နေအိမ်အများစုမှာ မီးရှိူ့ဖျက်ဆီးခံရတာတွေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးတာတွေ နေအိမ်ဖောက်ထွင်းပစ္စည်းယူတာတွေ ဖျက်ဆီးခံရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။







