၎င်းလမ်းမှာ တောင်ကုတ်-အမ်း ကားလမ်း မိုင်တိုင်အမှတ် ၁၁/၃ ရှိ ကင်းတောင်ရွာမှ အနောက်ဖက် ၁မိုင် ၄ ဖာလုံခန့် အကွာ ကမ်းထောင်းကြီးရွာသို့ ဆက်သွယ် ဖောက်လုပ်ထားသော ကင်းတောင်-ကမ်းထောင်းကြီး ရွာချင်းဆက် လမ်းဖြစ်ပြီး ယခင်မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဒေသခံများမှ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့် တိုးမြင့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒေသခံ ၅၀ဦးခန့်နဲ့ မေလ ၆ ရက်နေ့ကနေ ၁၄ ရက်ထိ နေ့စဉ် ညဦးချိန် လရောင်ကို အားပြုပြီးတော့ ကျောက်ဖြန့်ခင်းခဲ့ကြပါတယ်။ ဒေသခံ ပြည်သူတွေက လုပ်အားဒါန ပေးလှူပြီး ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နေ့အချိန် အပူရှိန်ပြင်းထန်တာကြောင့် ညဦးအချိန် ဆောင်ရွက်ခဲ့ကြပြီး အခုတော့ ပြီးစီးသွားပါပြီ” ဟု လမ်းပြုပြင်ရေး အလှူရှင်တစ်ဦး ဖြစ်သူ ဦးပုသောင်းရွှေက ပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိသောရခိုင်ပြည်နယ်သည် မြစ်ချောင်းများ၊တောင်ကုန်း တောင်တန်းများပေါများပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိပဲ မြို့ရွာ ဒေသ အချင်းချင်းအကြား ဆက်သွယ်သွားလာရေး ခက်ခဲလျက်ရှိနေဆဲ ဖြစ်ပါကြောင်း၊ ကင်းတောင်-ကမ်းထောင်းကြီး ရွာချင်းဆက်လမ်းကို ၂၀၀၇-၂၀၀၈ ခုနှစ်တွင် တောင်ကုတ်မြို့နယ် စည်ပင်မှ မြေသားလမ်း အဖြစ် ဖောက်လုပ်ပေးခဲ့ကြောင်း၊ ၎င်းအပြင် ကျောက်လမ်းပေ ၁၂၀၀ ဖောက်လုပ်ပေးခဲ့ကြောင်း၊ သို့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ရောက်ရှိလာသောအခါ လွှတ်တော်ရံပုံငွေ၊ ကျေးလက်ဖွံ့ဖြိုးရေး ရံပုံငွေများ အခြားကျေးရွာဒေသများ၌ အကြိမ်ကြိမ်ရရှိခဲ့သော်လည်း ကင်းတောင်-ကမ်းထောင်းကြီးလမ်းအတွက် ထောက်ပံ့ငွေ လုံးဝမရရှိခဲ့ပါကြောင်း သူကပြောကြားသည်။
၎င်းပြင် ဦးပုသောင်းရွှေက “ ကမ်းထောင်းကြီးရွာဟာ ငလုံးမော်ကျေးရွာအုပ်စုတွင် ပါဝင်ပါတယ်။ ကမ်းထောင်းကြီး၊ ငလုံးမော်ရွာရှိ ပြည်သူများအနေနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ အရေးကိစ္စများ အတွက် ကင်းတောင်ရွာသို့ နေ့စဉ်ဆက်သွယ်သွားလာနေရပါတယ်။ ကင်းတောင်-ကမ်းထောင်းကြီး ရွာချင်းဆက်လမ်းဟာ ဖောက်လုပ်ပြီးကတည်းက ထပ်မံပြုပြင်မှုလုံးဝမရှိဘူး။ စတင်ဖောက်လုပ်စဉ်ကတည်းက ရေမြောင်း၊ တံတားများ မပါဝင်ခဲ့တာကြောင့် မိုးတွင်းကာလ တွေမှာ စက်ဘီး၊ ဆိုင်ကယ်တွေနဲ့ သွားလာ၍ မရတာကြောင့် ကျောင်းသားငယ်တွေဆိုရင် ကင်းတောင် အထက်တန်းကျောင်းကို ခြေလျင်သွားလာပြီး ကျောင်းတက်ရတဲ့ အတွက် များစွာခက်ခဲနေပါတယ်” ဟု ပြောသည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဆောင်သည့် အဖွဲ့နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ကင်းတောင်ရွာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း၊ တွေ့ဆုံပွဲ၌ ဒေသခံတချို့မှ ကင်းတောင်-ကမ်းထောင်းကြီးလမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ပေးပါရန် တင်ပြတောင်းဆိုခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ နေ့စွဲဖြင့် ကင်းတောင်-ကမ်းထောင်းကြီးလမ်းအား ကျောက်ချောလမ်းအဖြစ် တိုးမြှင့်ပေးပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ဒေသခံများတင်ပြ တောင်းဆို ခဲ့ကြကြောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ် အစိုးရရုံးသို့ ၎င်းလမ်းအတွက် ဒေသခံများသွားရောက် စုံစမ်း မေးမြန်းခဲ့ကြကြောင်း၊ သို့သော်လည်း ယနေ့ချိန်ထိအကြောင်းအကျိုးတစ်စုံတစ်ရာ မသိရှိရသေးကြောင်း ရွာသားများက ပြောပြသည်။
နိုင်ငံတော်အစိုးရမှ ပံပိုးမှုမရသကဲ့သို့ NGO အဖွဲ့ များထံမှလည်း ထောက်ပံ့မှုကင်းမဲ့သော ၎င်းလမ်းပိုင်းကို ဆက်သွယ်သွားလာ ချောမွေ့နိုင်ရေးအတွက် ကင်းတောင်ရွာ၊ ကမ်းထောင်းကြီး၊ တောင်ကုတ်မြို့စသည့် မြို့ရွာဒေသများမှ စေတနာရှင်များ စုပေါင်းကာ အလှူငွေများပါဝင်လှူဒါန်းခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊၂၀၁၆ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၂ ကြိမ်တိုင်တိုင် ကမ်းထောင်းကြီးရွာဦးကျောင်း၌ ကထိန်အလှူ ပွဲ ကျင်းပခဲ့ပါကြောင်း၊ လမ်းပြုပြင်ရေးအတွက်ပါ အလှူ ငွေများကောက်ခံခဲ့ပါကြောင်း၊ အလှူရှင်များ ထည့်ဝင်ငွေ ငွေကျပ် ၃၅ သိန်းခန့် ရရှိခဲ့ပါကြောင်း၊ ၎င်းငွေဖြင့် လိုအပ်သော အုတ်၊ ကျောက်၊ ဘိလပ်မြေများ ၀ယ်ယူပြီး ရွာသားများမှ လုပ်အား ဒါနထည့်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကင်းတောင်-ကမ်းထောင်းကြီးလမ်းပိုင်းရှိ မတ်စောက်သောတောင်ကုန်းများ၊ ရေတိုက်စားပြိုပျက်နေသောနေရာများကို ယန္တရားငှါးရမ်းပြုပြင်ခြင်း၊ မိုးတွင်းရွ့ံ နွံထူထပ်သော အနိမ့်ပိုင်းများကို ကျောက်ချောလမ်း ခင်းခြင်း၊ ရေမြောင်းများတွင် ကွန်ကရစ်ရေပြွန်များ ချထားခြင်းလုပ်ငန်းများကို အလှူ ငွေ ၃၅ သိန်းကျပ်ကို သုံးစွဲကာ လုပ်အားဒါနများဖြင့် ပံပိုးလျက် ၂၀၁၇ ခုနှစ် ဇန္နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။
ထိုသို့ လမ်းပြု ပြင်ရာ၌ အခက်အခဲများစွာ ကြံုတွေ့ကြရသည်ဟု ဦးပုသောင်းရွှေက ပြောကြားသည်။
“ အခက်အခဲတွေက အများကြီးပဲ၊ အဓိကတော့ ငွေကြေး မလုံလောက်မှုပဲ၊ ငွေမလောက်တော့ လမ်းပိုင်း ၁ ခုလုံးကို ကျောက်ချောမခင်းနိုင်ဘူး။ တောင်ကုန်းတွေ၊ အောက်ခံကျောက်သား အမာခံရှိတဲ့နေရာတွေကို ကွက်ကျားကွက်ကျားထားခဲ့ပြီး မိုးတွင်း ရွံ့ နွံဖြစ်တတ်တဲ့ နေရာတွေကို ကျောက်ချောခင်းတာပါ။ ကျောက်ချောကား အစီး ၁၀၀ ကျော် ဖြန့်ခင်းနိုင်တယ်။ ကျောက်ဝယ်ယူရေးမှာလည်း အခက်အခဲတွေ ရှိပါသေးတယ်။ ငွေကြေး လုံလောက်မှုမရှိလို့ ကျောက်ဖြန့်ခင်းရာမှာ လုပ်အားဒါနပေးပြီး ဖြန့်ခင်းကြတယ်။ နေ့ဖက် ရာသီဥတု ပူအိုက်လွန်းလို့ ညဦး အချိန် `လ´ရောင်ကို အားပြု ပြီး ညနေ ရ နာရီက ည ၁၀ နာရီ လောက်ထိ ဖြန့်ခင်းတာပါ” ဟု ရှင်းလင်းပြောပြသွားသည်။
တောင်ကုတ်မြို့နယ်ရှိ ကင်းတောင်-ကမ်းထောင်းကြီးလမ်းပိုင်းကို ရာသီမရွေးသွားလာနိုင်ရေးအတွက် ဒေသခံများ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် အလှူ ငွေ ထည့်ဝင်လှူ ဒါန်းကာ ခက်ခက်ခဲခဲ ဆောင်ရွက်နေကြရသဖြင့် ပြည်သူ့အကျိုးကို ဆောင်ကြဉ်းလိုသော ရခိုင်ပြည်နယ် အစိုးရ အပါအဝင် တာဝန်ရှိသူများ အနေဖြင့် ရာသီမရွေး၊ အချိန်မရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းကောင်းတစ်ရပ်ဖြစ် ပေါ်လာအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းပါကြောင်း ရွာသားများက ပြောဆိုသည်။







