ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမားအရေး မြောက်ဦးတွင် ဆွေးနွေးပွဲ ပြုလုပ်

ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမားအရေး မြောက်ဦးတွင် ဆွေးနွေးပွဲ ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ လက်ကောက်စျေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကို ငြိမ်းဖောင်ဒေးရှင်းမှ စီစဉ်၍ မေလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ထိ ပြုလုပ်နေရာ ယနေ့ (မေ ၁၇) ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းအလုပ်သမား အရေးကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

“ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ရွှေ့ပြောင်းအလုပ်သမား များပြားစွာ သွားလာနေမှုအပေါ် စကားဝိုင်းတစ်ခု အနေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲက ရွှေ့ပြောင်းလုပ်သားများ ပြင်ပထွက်ခွာ နေမှု အပေါ်မှာ ဘာတွေ လုပ်သင့်သလဲ ဆိုတဲ့ဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ရခိုင်မျိုးချစ်ပါတီ APP ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားအရေးနှင့် ပတ်သက်ပြီး ဥပဒေရေးဆွဲနိုင်ရေး၊ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ တင်သွင်းနိုင်ရေးများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်ထဲမှ အလုပ်လုပ်ရန် ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာနေမှုများ ရှိနေသလို၊ ပြန်လာသူများလည်း ရှိနေကြောင်း၊ တစ်နေ့လျှင် ရခိုင်ပြည်နယ် ပြင်ပသူထွက်ခွာနေသူ ၃၀ မှ ၄၀ ထိ ရှိနေကြောင်း၊ ပြန်လာသူများ အရေအတွက်ကိုမူ မခန့်မှန်းနိုင်သော်လည်း၊ ပြန်လာပြီးမှ အဆင်မပြေ၍ ပြန်ပြီး ထွက်ခွာသွားမှုများ ရှိနေသည်ကို ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။

“အဲ့ဒီလိုမျိုး ရွှေ့ပြောင်းလုပ်မှုတွေ ရှိနေတဲ့ အတွက်ကြောင့် မိသားစုတွေအပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်”ဟု APP ဥက္ကဋ္ဌ က ပြောသည်။

မေလ ၁၈ ရက်နေ့တွင်လည်း ဖက်ဒရယ်အကြောင်း၊ လယ်ယာမြေ ဥပဒေများကို ဆက်လက်နွေးပြီး တွေ့ဆုံဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ရလဒ်များကို ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်သို့ တင်သွင်းသွားမည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စည်းလုံးညီညွတ်သော ရခိုင်ပြည်နယ် တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ဝင်ပါတီများဖြစ်သော ရခိုင်မျိုးချစ်ပါတီ၊ မြိုဒီမိုကရေစီပါတီ၊ ခမီအမျိုးသားပါတီ၊ ဒိုင်းနက်အမျိုးသားဖွံ့ဖြိုးရေးပါတီနှင့် လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ မြောက်ဦးမြို့ ရုံးတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦး အပါအဝင် စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...