ဘူးသီးတောင်တွင် ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင် အပါအဝင် ဆိုင်ခန်း ၆ခန်းမီးလောင်

ဘူးသီးတောင်တွင် ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင် အပါအဝင် ဆိုင်ခန်း ၆ခန်းမီးလောင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ယနေ့နံနက်ပိုင်း အစောကြီး ညဥ့်အချိန်က မီးလောင်မှု ဖြစ်ပွားရာ ဆိုင်ကယ် အရောင်းဆိုင်တစ်ဆိုင်၊ ကွန်ပျူတာ စာစီစာရိုက်ဆိုင်တစ်ဆိုင်၊ ဆိုင်ကယ်ပြုပြင်ရေးဆိုင် တစ်ဆိုင်၊ စားကုန်ဆိုင်တို့ မီးထဲပါသွားခဲ့သည်ဟု သိရသည်။

နိရဥ္စရာမှ ဘူးသီးတောင်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းအား ဆက်သွယ် မေးမြန်းရာ “မီးမှာ နံနက် ၃ နာရီခွဲခန့်တွင် စတင်လောင်ခဲ့ခြင်း ဖြစ်ပြီး ဆုံးရှုံးမှုပမာဏ များပြားကြောင်း” သူက ပြောကြားသည်။

“ မိခင်နဲ့ ကလေးရုံးရှေ့က ဆိုင်ခန်းတွေပါ။ ကိုဇော်ဆန်းဆိုင်ကယ်နဲ့ ဆိုင်ကယ် အပိုပစ္စည်း ရောင်းဝယ်ရေး ဆိုင်ခန်း၊ ကိုအောင်သန်းလင်းမိတ္တူနှင့်ကွန်ပျူတာစာစီစာရိုက်ဆိုင်ခန်း၊ ကိုနိုင်နိုင် ဆိုင်ကယ်ပြုပြင်ရေးဆိုင်နဲ့ ကိုခိုင်ငြိမ်းဦးစားကုန်ဆိုင်ခန်းတွေ မီးထဲပါသွားပါတယ်။ ကိုဇော်ဆန်းဆိုင်ကယ် အရောင်းဆိုင်မှာ ဆိုင်ကယ် ၁၀ စီးလောက်တောင် ပါသွားတယ်လို့ သိရတဲ့ အတွက် ဆုံးရှုံးမှု များပြား ပါတယ်” ဟု ဦးထွန်းအောင်သိန်းက ပြောသည်။

မီးမှာမီးကြွင်းမီးကျန်မှ လောင်သည်ဟု သိရသော်လည်း ညဥ့် ၃ နာရီကျော်မှ မီးကြွင်းမီးကျန်မှ ထလောင်မည်မှာ မဖြစ်နိုင်ကြောင်း၊ ရှို့မီးဟု မပြောလိုသော်လည်း အသေအချာ စုံစမ်းရန် လိုအပ်ကြောင်း သူက ပြောကြားသည်။

ဘူးသီးတောင်မြို့ ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးက “ ၁၀ ပေ ပတ်လည် ဆိုင်ခန်း ၆ ခန်း လောင်ကျွမ်းသွားပါတယ်။ မီးလောင်တာက ဆိုင်ကယ်တွေမှာ ဓာတ်ဆီထည့်ပြီး တစ်နေ့လုံး နေပူထဲမှာ ထားရာက ညဥ့်အချိန်မှာ အပူလွန်ကဲပြီး လောင်တယ်လို့ မီးသတ်ဦးစီးဌာန တွက်ချက် ဖော်ပြထားပါတယ်။ နံနက် အစောကြီး ၃ နာရီခွဲလောက်မှာလောင်ပြီး ၃ နာရီ ၄၅ မှာ မီးညွှန်းကျိုးပါတယ်။ ၄ နာရီမှာ ငြိမ်းသတ်နို်င်ခဲ့ပါတယ်။ ဆုံးရှုံးမှုပမာဏက မီးသတ်ဦးစီးဌာနရဲ့ ခန့်မှန်းချက်က ကျပ်၂၅ သိန်းဖိုးခန့်လို့ ပြောပါတယ်” ဟု ဆိုသည်။

လူအများက ရှို့မီး ဖြစ်နိုင်ကြောင်း ပြောဆိုနေကြသဖြင့် ရှို့မီးကော မဖြစ်နိုင်ဘူးလားဟု မေးမြန်းရာ စခန်းမှူးမှ “ ထိုသို့ သဲလွန်စများ ရရှိခြင်း မရှိသေးသဖြင့် ရှို့မီးဟု မပြောနိုင်ကြောင်း” ပြန်လည် တုန့်ပြန်ပြောကြားသည်။

မီးကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူတို့ပူးပေါင်းငြိမ်းသတ်သဖြင့် တစ်နာရီခန့် လောက်ကျွမ်းပြီးနောက် နံနက် ၄ နာရီခန့်တွင်မီးငြိမ်းသွားခဲ့သည်ဟုသိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...