စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ဝမ်းလျော အဖြစ်များနေ

စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်၊ဝမ်းလျော အဖြစ်များနေ

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ အသက်အရွယ်မရွေး ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များနေတယ်လို့ ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းဒေသမှ စစ်ဘေးရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။

“ဘယ်လိုမျိုးအရွယ်တွေမှာ ဖြစ်နေလည်းဆိုရင် ဒါကတော့ အရွယ်မရွေးဘူး။ ယင်နားစာစားမိတာတွေ၊ မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေက ဒါတွေလည်း ဖြစ်နိုင်တာပဲလေ။ အခုဖြစ်နေတာကတော့ အစကတော့ ကလေးပေါ့။ အခုဆို လူကြီးတွေပါဖြစ်ကုန်ပြီ။ အဲ့ဒါကြောင့် ကျနော်တို့ အဆင်မပြေဘူး။ ကျနော်တို့မှာလည်း ဆေးမရှိဘူး။ မလုံလောက်ဘူး။ အဲ့လိုသဘောမျိုးပေါ့။ အလှူရှင်ရှိတယ်။ မလုံလောက်ဘူး။ အဓိက အဲ့ဒါတွေဖြစ်နေတယ်” လို့စစ်ဘေးရှောင်တဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်သူတွေထဲက သက်ကြီးရွယ်အိုနဲ့ ကလေးတွေများတဲ့အတွက် ဆေးဝါးတွေ လုံလောက်မှုမရှိနိုင်ဘူးလို့ဆိုပါတယ်။ စစ်ဘေးရှောင်ခါစမှာ ကလေးငယ်တွေမှာသာ အဖြစ်များပေမယ့် အချိန်ကြာလာတော့ အသက်အရွယ်မရွေး ကြုံလာကြရတယ်လို့ သိရပါတယ်။

“တချို့လူတွေဆိုရင် ရောဂါအခံရှိတယ်။ ရှိတော့ အမြဲတမ်းဆေးကို မပြတ်ဆောင်ထားရတဲ့သူတွေ၊ ဆေးပြတ်သွားရင် မရတဲ့သူတွေ အဲ့ဒါတွေကျတော့ ကျနော်တို့ တအား အခက်အခဲဖြစ်တယ်ပေါ့နော။ ကျနော်တို့က ဆေးတွေကို အကူအညီတောင်းလို့မရရင် အဲ့လိုလူတွေကို ပစ်ပယ်၊ ပစ်ထုတ်ထားသလို အဲ့လိုမျိုးပုံစံပဲ ဖြစ်သွားမှာပေါ့” လို့ စစ်ဘေးရှောင်နေတဲ့ ရပ်ဖိရပ်ဖတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ပွဲတွေ ပြင်းထန်လာတဲ့အတွက် မကျန်းမာတဲ့သူတွေအတွက် အင်မတန်ခက်ခဲပြီး ကလေးသူငယ်များ ဝမ်းပျက်၊ ဝမ်းလျော အဖြစ်များပြီး ချောင်းဆိုး၊ ရင်ကြပ်တာတွေလည်းဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ပွဲတွေ ပြင်းထန်လာတဲ့အခါ ပြည်သူတွေအတွက် အဓိက ထိခိုက်မှုပိုများတယ်။ တကယ့် မကျန်းမာတဲ့သူတွေအတွက် ပိုပြီးတော့ အခက်အခဲ ရင်ဆိုင်ရတယ်။ တောထဲမှာ နေတဲ့အခါအမှာ ရေကလည်းရှားတယ်။ ရှိတဲ့ရေကလည်း မသန့်ဘူး။ ကလေးငယ်တွေဆိုရင်လည်း အခုဆို ဝမ်းပျက်၊ ဝမ်းလျောရောဂါကို ခံစားလာရတဲ့ အခြေအနေမှာရှိတယ်။ သက်ကြီးရွယ်အိုပိုင်းဆိုရင်လည်း တော်တော်လေး စိတ်ဓာတ်ကျနေတဲ့ အခြေအနေမှာရှိတဲ့အခါ ဒီစစ်ပွဲကြောင့် ဘယ်ပြည်သူမှ စိတ်မချမ်းရတော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်းတာပေါ့နော” လို့ ကူညီဆောင်ရွက်နေသူက ပြောပါတယ်။

ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုမြို့အပါအဝင် ရှမ်း - ကရင်နီနယ်စပ်ရှိ မိုးဗြဲကို နေ့စဉ်လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှု များပြာလာတဲ့အတွက် စစ်ဘေးရှောင်ဦးရေ တစ်သိန်းဝန်းကျင်အထိရှိလာတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...