အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီမှ ယာဒိုကျေးရွာမှာ တပ်စွဲထားဆဲ၊ ဒေသခံများ တိမ်းရှောင်နေရ

အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီမှ ယာဒိုကျေးရွာမှာ တပ်စွဲထားဆဲ၊ ဒေသခံများ တိမ်းရှောင်နေရ

ကရင်နီပြည်နယ်ကို စစ်အင်အားဖြည့်မယ်လို့ယူဆရတဲ့ စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ဝန်းကျင်က ယမန်နေ့ (ဇွန်လ ၇ ရက်) မှာ တောင်ငူမြို့ဖက်မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း လူအင်အား၊ ရိက္ခာအပြည့်ပါတဲ့ စစ်ကားအစီး (၂၀) ကျော်နဲ့ဆင်းလာပြီး ညနေပိုင်းမှစ ယားဒိုကျေးရွာမှာ တပ်စွဲထားသလို ဒီကနေ့ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ တပ်စွဲထားတယ်လို့ ယာဒိုဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က သူတို့ (စစ်ကောင်စီ) လိပ်သိုကနေတက်လာတာ ကား ၂၃ စီးပေါ့နော်၊ ၁၅ စီးက ပြန်ဆင်းသွားတယ်ပေါ့နော်။ သူတို့ရဲ့လူအင်အားကတော့ ၃၀၀ ကျော်လောက်ရှိတယ်ပေါ့၊ အခု ယာဒိုမှာတော့ တပ်စွဲနေဆဲပဲ ရှိသေးတယ်ပေါ့။ မသွားသေးဘူး။ သူတို့အင်အား ၃၀၀ လောက်ကတော့ သူတို့ ကယားဖက်ကို ဦးတည်ပြီးသွားမယ်လို့ အဲလိုပြောထားတယ်။ စိုးရိမ်တာပေါ့ သူတို့တက်လာမယ်ဆိုကတည်းက တောထဲမှာ တစ်ရွာလုံးက သွားကုန်တယ်ပေါ့။ တချို့ပဲ ရွာမှာကျန်ခဲ့ကြတာပေါ့၊ ရှောင်ထားတယ်အကုန်လုံး။ မနေ့ညကတည်းကဆင်းတာ ကားက ကားအလွတ်ပဲပြန်ဆင်းတယ်။ ၈ စီးကျတော့ ယာဒိုမှာကျန်ခဲ့တယ်ပေါ့။ အဲ့ ၈ စီးကျတော့ သူတို့ရိက္ခာပေါ့နော သယ်သွားဖို့ အစီအစဉ်ရှိတယ်၊ အဲလိုတော့ပြောတယ်။ ပြီးတော့ ကျန်တဲ့အင်အားခါကျတော့ ဆီးဘူးထိကို ခြေလျင်နဲ့သွားကြမယ်ပြောမယ်။ ဒီညခါကျတော့ ဆီးဘူးမှာတော့ သူတို့ပြောပုံအရ ဆီးဘူးမှာ တပ်စွဲဖို့ အခြေအနေရှိတယ်၊ အဲ့လိုပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်မှာ စစ်အင်အားနဲ့ရိက္ခာကို ယာဒိုကျေးရွာမှာ ပို့ဆောင်ထားပြီး ညပိုင်းမှာတော့ စစ်ကား ၁၀ စီးကျော်က သောက်ရေခပ်ကျေးရွာ ယာယီဘောလုံးကွင်းမှာ ညအိပ်ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။

ယာဒိုကျေးရွာအနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီကနေ့ညနေပိုင်းမှာ ခြေလျင်ခရီးနဲ့ ဆီးဘူးဒေသကို ဆက်လက်သွားမှာဖြစ်ပြီး ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ဝင်ရောက်ဖွယ်ရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ဒီညနေမှာ တပ်စွဲမယ်လို့ သတင်းကြားတဲ့ ဆီးဘူးဒေသခံတွေလည်း စိုးရိမ်မှုရှိသလို စစ်ပွဲဖြစ်မှာစိုးရိမ်နေကြတဲ့အတွက် ဒေသခံတချို့လည်း ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဆီးဘူးဒေသခံတစ်ဦးက “ဒီနေ့ သူတို့ ယာဒိုဖက်ကနေ ဆီးဘူးဖက်ကို တက်လာမယ်လို့တော့ သတင်းကြားရတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှုရှိတာပေါ့၊ ရွာခံတချို့ဆို ရွာထဲမနေရဲကြတော့ဘူး။ စစ်ပွဲများ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်ကြတယ်” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ယာဒိုကျေးရွာဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းတည်ရှိပြီး KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသလို ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသဟာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ဌာနချုပ် တည်ရှိရာ နေရာပဲဖြစ်ပါတယ်။

ကရင်-ရှမ်း-ကရင်နီ နယ်စပ်ဖြစ်တဲ့ ယာဒိုကျေးရွာ၊ ဆီးဘူးဒေသအနီးတစ်ဝိုက်မှာ စစ်ကောင်စီက တပ်ဖြန့်ဖို့လုပ်ဆောင်နေသလို တောင်ငူ-လွိုင်ကော် ကုန်တင်ယာဉ်၊ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းဖြစ်တဲ့အတွက် ပိတ်ဆို့မှု ပြုလုပ်တာဖြစ်နိုင်ကြောင်း  ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...