ယင်းအခမ်းအနားတွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း ပြုစုခဲ့ပုံနှင့် စတင်အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုကို ရှင်းလင်းခဲ့သည်။
“အမျိုးသားပညာရေး ဗဟာဗျူဟာ စီမံကိန်းကို လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက စတင်ရေးဆွဲလာပြီး ၂၀၁၄ ခုနှစ်မှာ အမျိုးသားပညာရေးဥပဒေကို ပြဌာန်းပြီးတော့ ၂၀၁၅ ခုနှစ်မှာ ပညာရေးပြင်ဆင်ရေး ဥပဒေကို ပြဌာန်းခဲ့ပါတယ်”ဟု ဒေါက်တာ အောင်အောင်မင်းက ပြောသည်။
ယင်းသို့ ပြင်ဆင်ခဲ့ပြီးနောက် KG+12 ကို ချမှတ်ခဲ့ပြီး KG (မူကြိုအတန်း) ကို လွန်ခဲ့သည့်နှစ်မှ စတင်သင်ကြားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ်က စတင်ပညာသင်ယူခဲ့သော ကျောင်းသူကျောင်းသားများအနေဖြင့် Grade 1 (ပထမတန်း) ကို ယခုနှစ်တွင် ဆက်လက်သင်ကြားရမည်ဖြစ်ပြီး ၁၂ တန်းထိ သင်ကြားပြီးမှ တက္ကသိုလ် အဆင့်ကို သင်ကြားကြရမည်ဖြစ်သည်။
“မနှစ်က KG အတန်း တက်ခဲ့တဲ့ ကျောင်းသားတွေကို Grade 1 သင်ကြားဖို့အတွက် ဆရာ ဆရာမတွေကို မွန်းမံသင်တန်းပို့ချပေးနေပါပြီ။ ပညာရေးစီမံကိန်း အသစ်အရ ဆရာဆရာမတွေက ကျောင်းသားတွေကို ပံ့ပိုးကူညီပေးတဲ့ စနစ်ဖြစ်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
ယခုအသစ်ရေးဆွဲထားသည့် ပညာရေးစနစ်တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အခန်း ကဏ္ဍ တစ်ရပ် ပါ၀င်ပြီး လုံးဝ ပညာမသင်ဖူးသူများကို မူလတန်းအဆင့် ပညာသင်ကြားပေးနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊ မူလတန်းအဆင့်ကို နားလည်တတ်ကျွမ်းပါက အလယ်တန်းအဆင့်နှင့် အခြား အဆင့်ဆင့်ကို သင်ကြားပေးသွားမည်ဖြစ်ပြီး၊ မူလတန်းအဆင့်သင်ပြီး ကျောင်းထွက် ခဲ့ရသူများကိုလည်း အလယ်တန်းအဆင့် ဆက်လက်သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းများ ပါ၀င်ကြောင်း သိရသည်။
ယင်းကျောင်းပြင်ပမှ ပညာသင်ကြားခဲ့ပြီး အထက်တန်းအဆင့်ကို အောင်မြင်ပြီးပါက ကျောင်းတွင်းသင်ကြား ခဲ့သူများနည်းတူ တက္ကသိုလ်အဆင့်တို့ကို ဆက်လက်သင်ကြားခွင့် ရရှိကြမည်ဖြစ်သည်။
မြန်မာနိုင်ငံပညာရေးကို အဆင့်မြှင့်တင်မည့်စီမံကိန်းတွင် ပထမ အဆင့်တွင် မူလတန်းပညာကို လူတိုင်း သင်ကြားတတ်မြောက်နိုင်ရေး၊ ဒုတိယအဆင့်တွင် အလယ်တန်းပညာကို လူတိုင်း သင်ကြား တတ်မြောက် နိုင်ရေးနှင့် နောက်တစ်ဆင့်တွင် အထက်တန်းပညာကို လူတိုင်းသင်ကြားတတ်မြောက် နိုင်ရေးတို့ကို အဆင့်ဆင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက တက်ရောက် အဖွင့် အမှာစကား ပြောကြားခဲ့သည်။
“နိုင်ငံတစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ အဲ့ဒီနိုင်ငံသားတွေရဲ့ ပညာ ဗဟုသုတ ကျွမ်းကျင်မှုနဲ့ တတ်ကျွမ်းမှုတွေ အပေါ်မှာ မူတည်ပါတယ်။ ပညာရေးကဏ္ဍမှာ ဦးစားပေး ရင်းနှီးမြှုပ်နှံခဲ့တဲ့ နိုင်ငံတွေဟာ လူမှုရေး၊ စီးပွားရေး ကြွယ်ဝ ဖွံ့ဖြိုးပြီးရင် ရေရှည် အကျိုးဖြစ်ထွန်းမှုတွေကို ခံစားနေရတာကို ကျွန်တော်တို့တွေ့ရပါတယ်”ဟု ဒေါက်တာချမ်းသာက ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံသည် ပညာရေးတစ်ခုတည်း (Knowledge Economy) ဖြင့် ကမ္ဘာကြီးတွင် ထိပ်ဆုံး ရောက်နေသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း လူဦးရေအများအပြားဖြင့် အလွန် ခက်ခဲကြမ်းတမ်းသော ဘဝမှ ပညာရှင်အမြောက်အများကို မွေးထုတ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့အတွက် အတုယူစရာ နိုင်ငံကတော့ အစ္စရေးပါ။ အစ္စရေးဆိုတာ ကျွန်တော်တို့ ရခိုင်တွေနဲ့ တူပါတယ်။ နိုင်ငံသေးသေးလေးပါ။ ရန်သူ အာရပ်နိုင်ငံတွေ ၀ိုင်းနေတဲ့ ကြားထဲက ပညာကြောင့် သူတို့ နိုင်ငံကို ဘယ်သူမှ မစော်ကားရေးဘူး။ ဒါကြောင့် ပညာရေးဟာလည်း ကာကွယ်ရေး တစ်မျိုး ဖြစ်ပါတယ်”ဟု ဒေါက်တာချမ်းသာက ပြောကြားခဲ့သည်။
အခမ်းအနားတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖေါ်ရာတွင် လိုအပ် သည်များကို ကြီးကြပ်ကူညီပံ့ပိုးနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်ပြည်နယ် ပညာရေးဌာနသို့ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း စာအုပ်များ လွှဲအပ်ခဲ့သည်။
မြန်မာနိုင်ငံ၌ ယခုလက်ရှိ စာရင်းဇယားများအရ ပညာရေးကို လုံးဝ မသင်ကြားဖူးသူ ၂.၉ သန်းရှိပြီး၊ လွန်ခဲ့သည့်နှစ်က KG တန်းကို စတင်သင်ကြားခဲ့ရာ နှစ်တိုင်းထက် လူ ၄ သိန်းခန့် တိုးမြင့် ကျောင်းအပ်နှံလာသည်ဟု သိရှိရသည်။
၂၀၁၆ မတိုင်မီ ကျောင်းအပ်ခဲ့သော ကျောင်းသားများသည် ယခင် ပညာရေးစနစ်အတိုင်း သူငယ်တန်း ပထမတန်းနှင့် ၁၀ တန်းအထိသာ သင်ကြားရမည်ဖြစ်သော်လည်း၊ ၂၀၁၆ ခုနှစ်တွင် ကျောင်းအပ်ခဲ့သော ကျောင်းသားများသည် ယခုနှစ်တွင် Grade one ကို ဆက်လက် သင်ကြားရမည်ဖြစ်ပြီး ၁၂ တန်းထိ သင်ကြားရမည်ဟု သိရှိရသည်။
အခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လွှတ်တော်ကိုယ်စားလှယ် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။







