အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းကာအသုံးပြုပြီး တိုက်ခိုက်လာ

ယမန့်နေ့ (ဇွန်လ ၄ ရက်) ရှမ်း-ကယားနယ်စပ်ရှိ မိုးဗြဲမြို့၊ ပွဲကုန်း (၃) ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ပြည်သူ ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဘုရားကျောင်းထဲ တံခါးဖျက်ဝင်ပြီး နှိပ်စက်ဖမ်းဆီးခဲ့ကာ လူသားဒိုင်းကာအဖြစ်သုံးပြီး တိုက်ခိုက်လာတယ်လို့ အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသူရဲ့ မိသားစုဝင်ထံကနေ သိရပါတယ်။

“မနေ့က တိုက်ပွဲမဖြစ်ခင် တစ်နာရီအလိုမှာ သူတို့က ဘုရားကျောင်းထိဝင်ပြီးတော့ ဘုရားကျောင်းထဲမှာ တပ်မစွဲအောင် ဒီလို ဘုရားကျောင်းမှာစောင့်တဲ့သူကို ဘုရားကျောင်းထိဝင်ဆွဲတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ ပုဆိုးစတွေနဲ့ပိတ်ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာမှာ လူသားဒိုင်းကာအဖြစ်နဲ့ အသုံးပြုတယ်လို့ အဖေက ပြောတယ်ပေါ့နော။ ညအချိန် တိုက်ပွဲငြိမ်သွားတဲ့အချိန်မှာလည်း သူတို့က လက်ကိုနောက်ပြန်ကြိုးတုတ်ပြီး လမ်းမပေါ်မှာထိုင်ခိုင်းတယ်။ ဗုံးထည့်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ခိုင်းထားပြီး ပြေးရင်ပစ်မယ်လို့ပြောတယ် လို့ပြောတယ်။ အဖေက ဗုံးမပါတဲ့အိတ်မလွယ်ရဘူး အချို့က လွယ်ရတယ်ပြောတယ်။ ညကတည်းက အချိန်ရရင်ရသလို လစ်ပြီး လွတ်အောင်ပြေးတယ် အဖေက သူတစ်ယောက်ပဲလွတ်တယ် ပစ်တာတော့မမိဘူးပြောတယ်။ ဒါကြောင့် သူက ဘေးကင်းနဲ့ပြန်လာရတယ် ဒဏ်ရာတော့ရှိတယ်” လို့ ၎င်းကပြောပါတယ်။

ဘုရားကျောင်းထဲမှာရှိတဲ့ ဘုန်းတော်ကြီးရဲ့ အိပ်ယာခန်းထဲကိုဝင်ပြီး ဖုန်း၊ ငွေသားတွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးတဲ့အချိန် မျက်နှာကို အဝတ်စတွေနဲ့စည်းပြီး ရိုက်နှက်တာတွေ၊ ပါးရိုက်တာတွေ၊ နှိပ်စက်တာတွေပြုလုပ်ခဲ့ပြီး ဘုရားကျောင်းမှာ ဖမ်းဆီးခံရတဲ့ ပြည်သူ ၅ ဦးအပြင် ကျေးရွာအတွင်း ဖမ်းဆီးခံရတာရှိတဲ့အတွက် ခန့်မှန်းခြေပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သတ်မှတ်ထားတဲ့စည်းကျော်လာတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သတင်းနှင့်ပြန်ကြားရေးက ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မှ စတင်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဖက်မှ ၄ ဦးထက်မနည်း သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သလို ပြည်သူ့ကာကွယ်တပ်ဖက်က အသေးစားဒဏ်ရာ ၂ ဦးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ပျက်ဆီးရုံသာမက စစ်ဘေးရှောင်ပြည်သူရှိတဲ့နေရာအနီးမှာလည်း ကျရောက်သလို အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို လူ့ဂုဏ်သိက္ခာကျင့်ဝတ်နဲ့ဆန့်ကျင်ပြီး ဖမ်းဆီးတာတွေ ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှာ မိုးဗြဲမြို့မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားနေတယ်လို့ ဒေသခံပြောကြားချက်အရသိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...