ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး စစ်ဘေးရှောင်ပြည်သူများလည်း ပိုမိုများပြားလာတဲ့အတွက် စစ်ရှောင်တဲ့နေရာမှာ ဆေးဝါးနဲ့ သောက်သုံးရေ အထူးလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဆေးဝါးက မရှိမဖြစ်လိုအပ်တယ် ရှောင်ပြေးနေတဲ့နေရာမှာ ဆေးဝါးရောက်တာ တော်တော်လေး နည်းနေသေးတယ် ရာခိုင်နှုန်းအနေနဲ့ကြည့်မယ်ဆိုရင် ၂၀၊ ၃၀ လောက်ပဲရှိအုံးမှာပေါ့ ဆေးဝါးက အရမ်းလိုအပ်တယ်။ ဒုတိယတစ်ခုက ရေဖြစ်တယ် အလုံအလောက်မရှိဘူးပေါ့။ တတိယတစ်ခုက နေရာထိုင်ခင်းပေါ့ မိုးကာတို့ပေါ့ အလုံအလောက်ရှိမနေဘူးပေါ့ မိုးရွာရင် အမျိုးသမီး ကလေးတွေ သက်ကြီးရွယ်အိုတွေကို ဦးစားပေးအနေနဲ့ထားပေးတယ် အမျိုးသားအများစုကျတော့ သူတို့တွေက ဒီအတိုင်းပဲပေါ့ မိုးရွာလို့ရှိရင် မိုးရေထဲမှာပဲ နေရတဲ့အနေအထားမှာရှိတယ်။ အစားအသောက်ကောပေါ့ အချို့သူတွေက နှစ်ပတ်သုံးပတ် ဖူလုံတဲ့အနေအထားရှိတယ် သို့သော် အများစုက တစ်ပတ်ထက်ကျော်ရင် ဖူလုံတဲ့အနေအထားမရှိတော့ဘူးပေါ့။ နောက်တစ်ခုက အမျိုးသမီးသုံးပစ္စည်းတွေပေါ့ အထူးလိုအပ်ချက်အနေနဲ့ ဖြစ်နေတယ်ပေါ့ အဲဒါလည်းပါတယ်” လို့ ပြောပါတယ်။
မေလ ၂၁ ရက်နေ့မှစ မေလ ၂၄ ရက်နေ့အထိ ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်တပ်တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသလို ကျေးရွာလူထုအပြင် မြို့နေပြည်သူများလည်း စစ်ရှောင်နေကြရပါတယ်။
ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ ဒီမော့ဆို၊ ဖရူဆို၊ ရှမ်း-ကယားနယ်စပ်ဖြစ်တဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေမှာ စစ်ဘေးရှောင်ပြည်သူပေါင်း ၅၀,၀၀၀ အထက်ရှိနေပြီး နေရာထိုင်ခင်း၊ ဆေးဝါး၊ သောက်သုံးရေ အထူးလိုအပ်လျက်ရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။
"ကျနော်တို့ဖက်မှာ ရှောင်နေတဲ့ပြည်သူတွေ ၁၅၀၀ နီးပါးလောက်ရှိတယ်။ အခု ကြုံတွေ့နေတာကတော့ အထူးသဖြင့် ကလေးရယ် အသက်ကြီးတဲ့သူတွေ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာမှာ နည်းနည်းမငြိမ်ဘူးဖြစ်နေတယ်ဆိုတာ ကျတော်တို့ တွေ့ရှိရတယ်။ စားသောက်ပိုင်းဆိုင်ရာမှာ ဆန်၊ ဆီ၊ ဆား စတဲ့လိုအပ်မှု အများကြီးလည်းရှိသေးတယ်။ အခု သောက်သုံးရေတွေလည်း မလောက်မငှဖြစ်နေပြီပေါ့။ ကျတော်တို့ကို ဘယ်လိုကူညီနိုင်လဲဆိုရင် လောလောဆယ် မြေပြင်ထိ ကိုယ်တိုင်သွားလှူလို့ အဆင်မပြေသေးဘူး။ ဆိုတော့ ကျတော်တို့ ဘဏ်အကောင့်ဖွင့်ထားတယ် ငွေလွဲလာလို့ရတယ်ပေါ့။ နီးစပ်တဲ့ရွာတွေမှာ အလှူကောက်ခံထားတာလည်းရှိတယ်။ ဒီအခြေအနေမှာ လွိုင်ကော်တို့ မိုးဗြဲဖက်က လာလှူလို့လည်း အဆင်မပြေသေးဘူး ကျတော်တို့လည်း သွားလှူလို့ အဆင်မပြေသေးတဲ့ အနေအထားမှာရှိတယ်" လွိုင်ကော်မြို့ ပီကင်းကောခူ ဒုက္ခသည်စခန်း ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မေလ ၂၃ ရက်နေ့မှာ လွိုင်ကော်မြို့ ပီကင်းကောခူကျေးရွာမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ဖွင့်လှစ်ထားပေမယ့် နေ့ခင်းမှာ စစ်ကောင်စီဖက်မှ ကျေးရွာအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွေ့ပြောင်းခဲ့ရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ အခက်အခဲရှိပြည်သူတွေအတွက် ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း အနီးတစ်ဝိုက်မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေက ပစ်ခတ်မှုတွေမပြုလုပ်ဖို့ အထူးမေတ္တာရပ်ခံထားပေမယ့်လည်း စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
စစ်ရှောင်စခန်းမှာ မည်သူမဆို လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက်၊ စောင်၊ မိုးကာ၊ အင်္ကျီတွေကို လှူဒါန်းနိုင်တယ်လို့ ဒုက္ခသည်စခန်း ကြီးကြပ်ရေးကော်မတီက ကြေညာထားပါတယ်။
မေလ ၂၄ ရက်နေ့ နံနက်အစောပိုင်းမှာ စစ်ကောင်စီဖက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လွိုင်ကော်မြို့ ကယန်းသာယာ (တောင်) ကျေးရွာရှိ ကတ်သလစ်ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။







