ရခိုင်ပြည်နယ် အစိုးရငွေကို သုံးပြီး NLD စည်းရုံးရေးလုပ်နေသလားဟု မေးခွန်းထုတ်

ရခိုင်ပြည်နယ် အစိုးရငွေကို သုံးပြီး NLD စည်းရုံးရေးလုပ်နေသလားဟု မေးခွန်းထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် NLD သည် ပြည်နယ် အစိုးရ ရန်ပုံငွေကို အသုံးပြုပြီး ပါတီစည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသလားဟု မေးခွန်းထုတ်လိုပါသည်ဟု တောင်ကုတ်မြို့နယ် နတ်မော်ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

“ ကျွန်တော်တို့ နတ်မော်ကျေးရွာအတွက် ရေတွင်းတူးရန်ဆိုပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကနေ မေလ ၁ ရက်နေ့ တောင်ကုတ်ခရီးစဉ်မှာ ကျပ်သိန်း (၂၀) ချပေးခဲ့ပါတယ်။ ဒီငွေတွေကို NLD မြို့နယ် သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဦးချစ်မောင်မောင်က ဦးစီးပြီးတော့ ရေတွင်းတွေ တူးဖော်နေပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုရော၊ ကျေးရွာသားတွေကိုရော ဘာမှ အသိပေးတိုင်ကြားတာ မရှိဘဲနဲ့ NLD က လူတွေကိုယ့်သဘောနဲ့ကိုယ်တူးဖော်နေကြပါတယ်။ ဒါဟာ ပြည်သူပိုင်ငွေကို သုံးပြီး NLD ပါတီစည်းရုံးရေး လုပ်နေတာလားလို့ မေးချင်ပါတယ်” ဟု နတ်မော်ကျေးရွာမှ ဦးကိုကိုနိုင်က ပြောသည်။

ဦးကိုကိုနိုင် အနေဖြင့် ၎င်းကိစ္စအပေါ် ကျေလည်မှု မရှိသဖြင့် မြစိမ်းရောင် စီမံကိန်းဖြင့် နတ်မော်ကျေးရွာသို့ လွန်ခဲ့သည့် ရက်အနည်းငယ် ရောက်ရှိလာခဲ့သည့် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်အား ယခု ရေတွင်း တူးဖော်သည့် ငွေသည် ပြည်သူပိုင် အစိုးရငွေလား၊ NLD ပိုင် ငွေလားဟု မေးမြန်းခဲ့ကြောင်း၊ ပြည်သူပိုင်ငွေဆိုလျှင် ရပ်သူ ရွာသားများ မသိရှိဘဲ ပွင့်လင်းမြင်သာ မှု မရှိခြင်းမှာ ဥပဒေနှင့် ညီသလားဟု မေးမြန်းခဲ့ကြောင်း၊ သို့သော် ၀န်ကြီးမှ တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်း မရှိကြောင်း သူက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နတ်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောအောင်သန်းအား နိရဥ္စရာမှ ဆက်သွယ် မေးမြန်းရာ ၎င်းကျပ် သိန်း ၂၀ ဖြင့် NLD အဖွဲ့ဝင်များမှ ရေတွင်းတူးနေသည်ကို သိရှိရကြောင်း၊ ၎င်းငွေများမှာ သူ့ထံမှ တစ်ဆင့် စီးဆင်းခြင်း မဟုတ်ဘဲ မြို့နယ်မှ တိုက်ရိုက် NLD သို့ တိုက်ရိုက် ချပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ ဒီငွေက ပြည်နယ် အစိုးရက ချပေးတဲ့ ငွေပါ။ အခု ရေတွင်း ၂ တွင်း တူးနေပါတယ်။ တစ်တွင်းက ရွာပြင်မှာပါ။ နောက်တစ်တွင်းက ဦးတင်ကျော်ညွန့်အိမ်မှာပါ။ ခုလို ရေတွင်းတွေ တူးတာနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုရော၊ ကျေးရွာက ရပ်မိရပ်ဖတွေရော၊ ကျေးရွာသားတွေကိုရော ဘာမှ တိုင်ပင်တာ မရှိပါဘူး။ ပိုဆိုးတာက ပြည်သူပိုင်ငွေနဲ့ ရေတွင်းတစ်တွင်းကို ပုဂ္ဂလိက ပိုင် အိမ်ခြံထဲမှာ တူးတာပါ။ ရွာသားတွေက ဒါလုံးဝ မဖြစ်သင့်ဘူးလို့ ပြောဆို ဝေဖန်နေကြပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်ကို ဒီရေတွင်းတူးရာမှာ ဘာမှ ၀င်ရောက် မစွက်ဖက်ဖို့ မှာကြားထားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသန်းအောင်က ပြောဆိုသည်။

ယခု ပြည်နယ် ၀န်ကြီးချုပ်မှ ချပေးခဲ့သော ကျပ်သိန်း ၂၀ မှာ အစိုးရငွေလား (သို့မဟုတ်) NLD က ချပေးသော ငွေပါလားဟု တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ပြည်နယ် အစိုးရမှ ချပေးသော ငွေဖြစ်ပြီး NLD ပါတီက ချပေးသော ငွေ မဟုတ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြန်လည် ဖြေကြား ပြောဆိုသည်။

နိရဥ္စရာမှ ဆက်လက်ပြီး ပြည်နယ် အစိုးရမှ ချပေးသော ငွေအား မည်သည့် အတွက်ကြောင့် NLD ပါတီသို့ ချပေးရပါသလဲဟု မေးမြန်းရာ မြို့နယ် အုပ်ချုပ်ရေးမှူးမှ “ ၀န်ကြီးတစ်ဦး၏ ညွှန်ကြားချက်အရ ဖြစ်ကြောင်း၊ ၎င်းရေတွင်းများကို အဆိုပါ အဖွဲ့မှ တင်ထားခြင်း ဖြစ်၍ အဆိုပါ အဖွဲ့သို့ ထုတ်ပေးရန် ညွှန်ကြား၍ ထုတ်ပေးရခြင်း ဖြစ်ကြောင်း၊ အမှန်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် စီးဆင်းရမည်မှာ မှန်ကန်ကြောင်း၊ မိမိအနေဖြင့်ရေတွင်း တူးရာတွင် ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ညွှန်ကြားထားခြင်းမရှိကြောင်း” ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်သို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိခဲ့ပါ။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...