ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCC ပြော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ အခြေခံမူဝါဒရှိရမယ်လို့ KSCC ပြော

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်ကြဖို့ ဖွဲ့စည်းလိုက်သည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံ၊ အခြေခံမူဝါဒရှိရမည်ဟု ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ထောက်ပြပြောဆိုလိုက်သည်။

“တကယ့်တကယ် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာက ပြောရရင်တော့ ဖွဲ့ဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်တမ်း တပ်ဖွဲ့ဖွဲ့ဖို့ဆိုတာလေ။ လက်နက်ကိုင်ထားပြီဆိုရင် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အခြေခံမူဝါဒတွေရှိရမယ် ဘာကြောင့် လက်နက်ကိုင်တာလဲ လက်နက်ကိုင်အဖွဲ့ကို ကျတော်တို့ စီမံခန့်ခွဲတဲ့ပုံစံရှိရမယ် လက်နက်ကိုင်တပ်ရဲ့ ဖွဲ့စည်းပုံတွေရှိရမယ်လေ အဲဒီလိုစနစ်တကျဖြစ်မှသာ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်လို့ရမယ် ကိုယ်ဖြစ်ချင်တဲ့အရာကိုလည်း ဗျူဟာကျကျနဲ့ ဆောင်ရွက်လို့ရမယ် လက်နက်ကိုင်ပြီးမှ တန်းတိုက်မယ်ဆိုတာတော့ စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ နည်းနည်း လိုအပ်ချက်ရှိတယ်လို့ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော တိုက်ပွဲဝင်ရဲဘော်များစုစည်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Karenni People Defense Force KPDF) ကို ဖွဲ့စည်းလိုက်သည့် ထုတ်ပြန်ကြေညာချက် လူမှုစာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါသည်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီမော့ဆို) ကိုလည်း မေလ ၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး အာဏာသိမ်းစစ်ကောင်စီမှ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ နှောင့်ယှက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို တိုက်ထုတ်ရှင်းလင်းသွားမည်ဟု ကြေညာထားပါသည်။

ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထွက်ပေါ်လာဖို့အတွက် KSCC မှာပါဝင်ကြသော လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ KSCC အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒီမော့ဆို)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထွက်ပေါ်လာမှုက အခြေခံမူဝါဒရှိရမှာဖြစ်ကြောင်း မေလ ၈ ရက်နေ့က ကန္တာရဝတီတိုင်း (မ်) နှင့် မေးမြန်းမှုတွင် ဖြေကြားထားပါသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် လူထုကဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မကန့်ကွက်ဟု KNPP အတွင်းရေးမှူး - ၂ ခူးဒယ်နီယာယ်က ပြောပါသည်။

"လူထုအနေနဲ့ စလုပ်နေကြတာရှိတယ် သို့သော် ကေအဲန်ပီပီအနေနဲ့ ဘယ်လိုပါဝင်မလဲဆိုတာတော့ ပြောဖို့ စောသေးတယ်ပေါ့နော ဒါကတော့ လူထုလုပ်ရင်တော့ ကျတော်တို့ မကန့်ကွက်ဘူး ဖြစ်စဉ်တစ်ခုအပေါ်မှာ ရှင်းရှင်းလင်းလင်းတော့ ဖြစ်သင့်တယ်၊ ကေအဲန်ပီပီအနေနဲ့ကတော့ ဘယ်လိုပါဝင်မလဲ ဘယ်လိုစီမံမလဲဆိုတဲ့ဟာတော့ ယတိပြတ်ပြောလို့မရသေးဘူး" ဟု ခူးဒယ်နီယာယ်က ပြောပါသည်။

လက်ရှိဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် အစီအစဉ်၊ မည်သူနဲ့ချိတ်ဆက်ဆောင်ရွက်မလဲ စသဖြင့် Plan ရှိရမှာဖြစ်ပြီး နောက်ကွယ်က ခိုင်မာတဲ့ အစိုးရတစ်ရပ်၊ ကိုယ်စားပြုမှု ခေါင်းဆောင်ရှိနေဖို့ လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။

"သူတို့ကို ဘယ်သူက အုပ်ချုပ်မလဲ ဘယ်သူစီမံခန့်ခွဲမလဲ ဘယ်သူက Plan ချမလဲဆိုတာက အရေးကြီးတယ် ခေါင်းဆောင်မရှိရင်တော့ ဒီထက်ပိုခံရဖို့ရှိတယ် သူတို့နောက်ကွယ်မှာက တကယ်ခိုင်မာတဲ့ အစိုးရတစ်ခုမဟုတ်ရင်လည်း ကိုယ်စားပြုမှုခေါင်းဆောင်ရှိနေဖို့လိုတယ်" ဟု ခူးဒယ်နီယာယ် သုံးသပ်ပြောဆိုပါသည်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန်၊ မြို့နယ်အလိုက် ကာကွယ်ရေးတပ်ဖွဲ့ ဆက်လက်ဖွဲ့စည်းပြီး တော်လှန်ရေးအား ပူးပေါင်းဆောင်ရွက်ရန်၊ အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်လုပ်ရှားနေလျက်ရှိသော ပြည်သူကို အကာကွယ်ပေးရန်၊ NUG, CRPH နှင့် ကရင်နီပြည်နယ်အတွင်းရှိ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး အခြားတိုင်းနဲ့ပြည်နယ်နည်းတူ အကြမ်းဖက်စစ်ကောင်စီ ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပါသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...